ဝန်ထမ်းလစာ ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်းတိုးထားသော်လည်း မည်မျှတိုးမည် မသိရသေး

ဝန်ထမ်းလစာ ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်းတိုးထားသော်လည်း မည်မျှတိုးမည် မသိရသေး
by -
မဇ္ဈိမ

 နိုင်ငံဝန်ထမ်းများ၏ လစာငွေကို ယခင်နှစ်ကထက် ၃၀ရာခိုင်နှုန်းတိုးထားသော်လည်း မည်သည့်အဆင့်အား မည်မျှတိုးထားသည်ကို ဖော်ပြထားခြင်းမရှိကြောင်း မင်းလှမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တိုးက ပြောကြားသည်။

မတ်လ ၁၃ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၏ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာငွေရသုံး ဆိုင်ရာဆွေးနွေးရာတွင် ဦးမောင်တိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က "ကျွန်တော်ဟိုနေ့က ပြောထားပြီးပါပြီ၊ သေချာမှ အားလုံးကို အသိပေးမှာပါ၊ နောက်ဆုံး ပိတ်ဆုံးဖြတ်တဲ့ အခါကျ အသိပေးမှာပါ’’ ဟု မဇ္ဈိမ၏ မေးမြန်းချက် ကို ဖြေကြားသည်။

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီက အနိမ်ဆုံး ဝန်ထမ်းလစာ ၁၂၀,၀၀၀ မှ ၁၅၀,၀၀၀ ကျပ်၊ အမြင့်ဆုံး ဝန်ထမ်းလစာသည် အနိမ့်ဆုံး ဝန်ထမ်းလစာ၏ ၈ ဆပေးရန် သဘောထားပေးထားမှုအပေါ် ဝန်ကြီးဌာန၏ သဘောထားကို မေးမြန်းရာ "ကျွန်တော်တို့ နိုင်ငံက လက်ရှိပေးနိုင်တဲ့ အတိုင်း အတာ၊ နောင်လည်းဖြစ်နိုင်တဲ့ အတိုင်းအတာနဲ့ တွက်ချက်ထားပါတယ်’’ ဟု ဖြည့်စွက်ပြောသည်။

၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ်၊ နိုင်ငံဝန်ထမ်းလစာကို နိုင်ငံဝန်ထမ်း ၁ သန်းနီးပါးအတွက် (တပ်မတော် မပါ) ၂၉၀၁ ဘီလီယံကျပ် လျာထားပြီး စုစုပေါင်းဝင်ငွေ၏ ၁၇ ဒသမ ၀၆ ရာခိုင်နှုန်း ၊ စုစုပေါင်းသုံးငွေ၏ ၁၃ ဒသမ ၉၃ ရာခိုင်နှုန်းဖြစ်ပြီး လစာသည် ဂျီဒီပီ၏ ၃ ဒသမ ၉၅ ရာခိုင်နှုန်းဖြစ်သည်ဟု ဆိုသည်။
 
ဦးမောင်တိုးက အစိုးရ၏ ပင်မ လစာနှုန်းထားတွင် အနိမ့်ဆုံးအဆင့် ဝန်ထမ်း၏ လစာနှင့် အမြင့်ဆုံး ဝန်ထမ်း၏ လစာကွာခြားမှု၊ ကွာခြားမှု နှုန်းထားနည်းလျှင် အထူးကျွမ်းကျင်သော ဝန်ထမ်းများအား လစာနှုန်း နိမ့်ကျစွာပေးထားပြီး ကျွမ်းကျင်မှုမရှိသော ဝန်ထမ်းများကို လစာပိုပေးထားသည့် သဘောဖြစ်သည်၊ ကွာခြားမှုနှုန်းထား နည်းခြင်းသည် လာဘ်ပေးလာဘ်ယူမှုကို အားပေးရာရောက်ပါသည်ဟု ဆိုသည်။

၂၀၀၆ ခုနှစ်တွင် အနိမ့်ဆုံးဝန်ထမ်းလစာ ၂၀,၀၀၀ ကျပ်၊ အမြင့်ဆုံးဝန်ထမ်းလစာ ၂၀၀,၀၀၀ ကျပ်၊ ကွာခြားမှု ၁၀ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင် အနိမ့်ဆုံး ၄၀,၀၀၀ ကျပ်၊ အမြင့်ဆုံး ၂၂၀,၀၀၀ ကျပ်၊ ကွာခြားမှု ၅ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၃ ခုနှစ်တွင် အနိမ့်ဆုံး ၆၀,၀၀၀ ကျပ်၊ အမြင့်ဆုံး ၂၄၀,၀၀၀ ကျပ်၊ ကွာခြားမှု ၄ ဒသမ ၀ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် အနိမ့်ဆုံး ၈၀,၀၀၀ ကျပ်၊ အမြင့်ဆုံး ၂၆၀,၀၀၀ ကျပ်၊ ကွာခြားမှု ၃ ဒသမ ၃ ရာခိုင်နှုန်းသာရှိတော့သည်။

ဦးမောင်တိုးက မည်သည့်ဝန်ထမ်းများကို လစာနှုန်းထား မည်မျှ သတ်မှတ်၍ ရေးဆွဲထားသည်ကို သာမန်အသုံးစာရင်း လစာ၊ စရိတ်၊ ချီးမြှင့်ငွေတွင် ၀န်ကြီးဌာနအလိုက် ရေးဆွဲဖော်ပြရန် လိုအပ်ကြောင်း သုံးသပ်တွေ့ရသည်ဟု ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က နိုင်ငံဝန်ထမ်းများကို လစာတိုးရန်အတွက် နိုင်ငံ အတွက် ဝန်ဆောင်မှုပေးနေသော ဌာနများ၏ အသုံးစရိတ်များကို ဖြတ်တောက်၊ လျှော့ချခြင်းထက် ဝန်ထုပ် ဝန်ပိုးဖြစ်နေသော ဌာနများ၏ အသုံးစရိတ်ကိုသာ ဖြတ်တောက်ရန် အကြံပြုသည်။

Most read this week