သပိတ်ပြိုကွဲသွားသော်လည်း ကျောင်းသားများကို ထပ်မံဖမ်းဆီးနေ

သပိတ်ပြိုကွဲသွားသော်လည်း ကျောင်းသားများကို ထပ်မံဖမ်းဆီးနေ
by -
မဇ္ဈိမ

ရန်ကုန်ဗကသ ကျောင်းသားလေးယောက်၊ သတင်းထောက်တစ်ဦး ဖမ်းခံရ

လက်ပံတန်းကျောင်းသား သပိတ်ကိုဖြိုခွဲပြီး ကျောင်းသားများ လူစုကွဲနေချိန်တွင် အစိုးရက ကျောင်းသားများ ကို ရှောင်တခင် ဖမ်းဆီးလျှက်ရှိသည်ဟု တကသ (တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ) အဖွဲ့မှ ကိုဇေယျာ လွင်က ပြောသည်။

"မနေ့(၁၂ရက်နေ့)ညက ရန်ကုန်က ဗကသ ကျောင်းသားတွေ လေးယောက်နဲ့ သတင်းသမားတစ်ယောက်ကို ဖမ်းသွားတယ်။ သာယာဝတီ အနီးတဝိုက်မှာလည်း ကျောင်းသားတွေကို ဖမ်းနေတယ်၊ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကိုယ့်လုံခြံုရေးကို ကိုယ်ဂရုစိုက်နေရတယ် "ဟု ကိုဇေယျာလွင် ကဆိုသည်။

ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေချိန်တွင် ကျောင်းသားများကို ထပ်မံဖမ်းဆီး လာခြင်းဖြစ်သည်။

"ဖမ်းထားတဲ့ကျောင်းသားတွေနဲ့ ထပ်ဖမ်းခံရတဲ့ ကျောင်းသားတွေ လွတ်မြောက်ဖို့ ညှိနှိုင်းရေးကို လည်း ကျွန်တော်တို့ ကြိုးစားနေတယ်၊ ဘာလုပ်မယ်ဆိုတာ ခုတော့မပြောနိုင်သေးဘူး"ဟု ကိုဇေယျာလွှင်ကပြောသည်။

မတ်လ ၁၂ရက်ညပိုင်းက ဗကသ ကျောင်းသားအဖွဲ့မှ ကိုသီဟဝင်းတင်၊ မဟန်နီဦး၊ မိုးထက်နေ၊ ဇန်ဇန်နှင့် သတင်းသမားတစ်ဦးကို အလုံမြို့နယ် လွတ်လပ်ရေးရပ်ကွက်၊ အောင်ဇေယျလမ်းရှိ နေအိမ်တွင် ဧည့်စာရင်း ၀င်ရောက်စစ်ဆေးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မဟန်နီဦး၏ ဖခင်ကပြောသည်။

"မနေ့က ရဲစခန်းမှာ စစ်တာ မနက်ခြောက်နာရီထိ စစ်တယ်၊ အခုတော့ ခေါ်သွားကြပြီ ဘယ်ကို ခေါ်သွား မလဲလို့ မေးလဲမပြောဘူး၊ အခုဘယ်မှာဆိုတာမသိရဘူး"ဟု မဟန်နီဦး၏ ဖခင်ဖြစ်သူကဆိုသည်။

မတ်လ ၁၂ရက် နေ့လည်ပိုင်းက လက်ပံတန်းသပိတ်မှ ဖမ်းဆီးထားသော ကျောင်းသားများအနက် ၁၇ယောက်ကို ပြန်လည်လွှတ်ပေးလိုက်ပြီး ညပိုင်းတွင် ရန်ကုန်မှ ကျောင်းသားအချို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သာယာဝတီတွင်လည်း ထပ်မံဖမ်းဆီးမှုများ ပြုလုပ်လျှက်ရှိပြီး တကသ အဖွဲ့အနေဖြင့် ဖမ်းဆီးခြင်း၊ ပြန်လည် လွတ်မြောက်ခြင်းတို့ကို စစ်တမ်းများကောက်ယူနေသော်လည်း အတိအကျထုတ်ပြန်နိုင်ခြင်း မရှိသေးဟု ဆိုသည်။