ကျောင်းသားသပိတ် ဖြိုခွင်းခံရမှု ရဲများကို အမှုဖွင့်ပါက သက်သေလိုက်ပေးမည်ဟု မျက်မြင်သက်သေများဆို

ကျောင်းသားသပိတ် ဖြိုခွင်းခံရမှု ရဲများကို အမှုဖွင့်ပါက သက်သေလိုက်ပေးမည်ဟု မျက်မြင်သက်သေများဆို
by -
မဇ္ဈိမ

လက်ပံတန်းအကြမ်းဖက်ဖြိုခွဲခံရမှုနှင့်ပတ်သက်ပြီး မျက်မြင်ကိုယ်တွေ့ကြံုခံရသူများက ရဲများကို အမှုဖွင့်မည်ဆိုပါက သက်သေလိုက်ပေးမည်ဟု မတ်လ ၁၂ရက် မွန်းလွဲ ၁၂နာရီတွင် ၈၄လမ်း၊ ၃၄လမ်းနှင့် ၃၅ လမ်းကြားရှိ ဗိုလ်ချုပ်ရာပြည့်ခန်းမတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြောကြားခဲ့သည်။ အစိုးရမှ ထုတ်ပြန်ထားသော သတင်းများနှင့် ပတ်သက်ပြီး အမှန်တရားနှင့် လွဲနေသည်ဟု ဆိုကာ အဖြစ်အပျက် အမှန်ကို ပြည်သူများ သိရှိစေရန် ကျောင်းသားသပိတ်ဖြိုခွဲခံနေရစဉ် အနီးကပ် ဝန်းရံကူညီပေးခဲ့သူ ဦးအုံးငွေ(လူနှင့်လူ)က ဆိုသည်။

" အဲဒီနေ့က မြင်ရတဲ့ မြင်ကွင်းက ဒီနေ့ထိ မျက်စိထဲကမထွက်ဘူး။ ဒါကို သံသယရှိတယ်။တချို့ရဲအရာရှိတွေက မလုပ်ဖို့ တားတယ်။တစ်ချို့ရဲတွေက ကလေးတွေကို ဒိုင်းတွေနဲ့ ကာကွယ်ပေးတာတွေ ရှိတယ်။ ရဲမှာကိုပဲ နှစ်ဖွဲ့ဖြစ်နေတယ်။ လည်စီးအနီနဲ့ ရဲတွေကိုပိုပြီး သံသယဖြစ်တယ်။ အရပ်သားတွေလို့တောင် ထင်မိတယ်။ ရိုက်နှက်ဖမ်းဆီးတာတွေနဲ့ပတ်သက်ပြီး အမှုပြန်ဖွင့်မယ်ဆို ကျွန်တော်ရဲရဲကြီး သက်သေခံပေးသွားမယ်"ဟု ၄င်းက ပြောသည်။

၄င်းတို့သည် ကျောင်းသားသပိတ်ကို စားသောက်စရာများနှင့် ဖုန်းဘေလ်များ လှူဒါန်းရန် မတ်လ ၈ရက်က လက်ပံတန်းမြို့သို့ ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၀ရက် ကျောင်းသားသပိတ်နှင့် လုံခြံုရေးရဲတပ်ဖွဲ့တို့ အကြား ပဋိပက္ခဖြစ်ပွားရာတွင် ၄င်းတို့က ထိုနေရာတွင် ရှိနေသူများ ဖြစ်သည်ဟု ဆိုသည်။

အကြမ်းဖက်ဖြိုခွဲခံနေရသည့်ကြားမှ ကျောင်းသားတချို့ကို ကယ်ထုတ်ခဲ့သူ ဒေါ်အမာနီမှ "ကလေးတွေကို ရိုင်းရိုင်းစိုင်းစိုင်း လူစိတ်ပျောက်ပြီး ရဲတွေက ရိုက်တယ်။ဒီလိုနုနယ်တဲ့ ကလေးတွေကို ရိုက်တာဖမ်းတာ ရှုတ်ချတယ်။ ပိတ်မိတဲ့ ကျောင်းသားတစ်ချို့ကို ကျွန်မကားနဲ့ကယ်ခဲ့တယ်။ အဲဒီကလေးတွေက ကြောက်လို့ ထွက်ပြေးတာမဟုတ်ဘူး။ ကျွန်မခေါ်ခဲ့လို့သာ သူတို့ လွှတ်လာတာပါ"ဟု ပြောသည်။

မီဒီယာသမားများ ရိုက်နှက်ဖမ်းဆီးခံရခြင်းနှင့်ပက်သတ်၍ DVB သတင်းထောက် ကိုစူပါကလည်း မီဒီယာသမားများကို ရိုက်နှက်သည့် မှတ်တမ်းပုံများရှိပြီး အရိုက်ခံရသူများနှင့် အဖမ်းခံရသူများ အမှုဖွင့်မည်ဆိုပါက သက်သေအဖြစ် လိုက်ပါဆောင်ရွက်ပေးမည်ဟုလည်း ရှင်းလင်းပြောကြားခဲ့ သည်။

သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ကျောင်းသူကျောင်းသားများနှင့် မိသားစုဝင်များအဆက်အသွယ်မရရှိပါက မိသားစုဝင်များအနေဖြင့် ဗိုလ်ချုပ်ရာပြည့်ရုံးခန်းသို့ လာရောက်ဆက်သွယ်နိုင်ပြီး ကူညီပေးသွားမည်ဖြစ်ကြောင်း လည်း ၄င်းတို့က ပြောကြားခဲ့သည်။

ကျောင်းသားသပိတ်ကို ဝန်းရံခဲ့သော အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများဖမ်းဆီးခံနေရသူများ ကိုလည်း ကျောင်းသားများကဲ့သို့ ပြန်လည်လွှတ်ပေးရန် တောင်းဆိုမှုများ ဆက်လက်လုပ်ပေးသွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြသည်။ ထိုသို့ သတင်းစာရှင်လင်းပွဲကို သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သော ဆရာတော်များမှလည်း နံနက် ၉ နာရီက မစိုးရိမ်(ကံတက်ကုန်း)ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သေး သည်။