ဖုန်ကြားရှင် အဆက်ဟု ဆိုကာ ရန်ကုန်ရောက် ကိုးကန့် စီးပွားရေးသမား တစ်ဦး အသတ်ခံရ

ဖုန်ကြားရှင် အဆက်ဟု ဆိုကာ ရန်ကုန်ရောက် ကိုးကန့် စီးပွားရေးသမား တစ်ဦး အသတ်ခံရ
by -
သျှမ်းသံတော်ဆင့်

ရန်ကုန်မြို့နေ စီးပွားရေး လုပ်ငန်းရှင် ဦးလှဝင်း ဆိုသူအား စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ)က ခေါ်ယူစစ်ဆေးရာမှ သေဆုံး သွားသည်ဟု သိရသည်။

ဖေဖေါ်ဝါရီ ၂၃ရက်နေ့က မင်္ဂလာဆောင်ပွဲတစ်မှအပြန် ၎င်းအား ရုံးသို့ ခေတ္တလိုက်ရန် စရဖ တပ်ဖွဲ့က ခေါ်ဆောင်သွားပြီး၊ မိသားစုနှင့် ၁၁ ရက်ကြာ အဆက်သွယ်ပြတ်သွားခဲ့ပြီးနောက် မတ်လ ၅ရက် နံနက်ပိုင်းတွင် စရဖ တပ်ဖွဲ့က ၎င်းမိသားစုထံ   မင်္ဂလာဒုံစစ်ဆေးရုံ၌ ဦးလှဝင်း သေဆုံးသွားပြီဖြစ်ကြောင်း အကြောင်းကြားသည်ဟု ရန်ကုန်မြို့နေ အမည်မဖါ်လိုသူ တရုတ်လူမျိုး တစ်ဦးမှ  သျှမ်းသံတော်ဆင့်သို့ပြော သည်။

Kokang link Businessman

“ဦးလှဝင်းဟာ ဖုန်ကြားရှင်းအဖွဲ့ရဲ့ စီးပွားရေး တာဝန်ခံ။ လျှို့ဝှက်ထောက်ပံ့မှုတွေ ပေးနေတယ် စသဖြင့် စရဖ ဖက်က စွပ်စွဲတယ်။ ဖမ်းဆီးရိုက်နှက်စစ်ဆေးတယ်။ မျက်နှာက စုတ်ပြတ်နေတယ်။ ဝမ်းဗိုက်မှာလည်း ဒဏ်ရာ ဒဏ်ချက်တွေနဲ့။  မတ်လ ၄ရက်နေ့မှာ ဆုံးတယ်လို့သူတို့ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးလှဝင်းအား မတ် ၆ရက်နေ့က မီးသင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း၊ မိသားစုဝင်များအားလည်း  အသုဘသို့ ဝင်ရောက်ခွင့် မပေးကြောင်း၊ ကိုးကန့်ယဉ်ကျေးမှု အသင်းမှ ၃ဦးသာ တက်ခွင့်ပြုကြောင်း ကိုးကန့်ယဉ်ကျေးမှု အသင်းဝင် တစ်ဦးက ပြောသည်။

“ဦးလှဝင်းက ကျနော်တို့နဲ့ မသက်ဆိုင်ဘူး။ နိုင်ငံရေးကအစ စီးပွားရေးအဆုံး ဘာတခုမှ သက်ဆိုင်တာ မရှိဘူး၊ သူ့ဟာသူပဲ စီးပွားရေးလုပ်နေတယ်။ ဒီသတ်ဖြတ်မှုက မတရားမှုပဲ။ မြို့ပေါ်မှာ သတ်ဖြတ်ခံရတဲ့ ကိစ္စ၊ လောက်ကိုင်မှာ သတ်ဖြတ်ခံရတဲ့ ကိစ္စတွေ။ စုံစမ်းစစ်ဆေးပေးဖို့ လိုအပ်ပါတယ်” ဟု ဖုန်ကြားရှင်း တပ်ဖွဲ့ အမည်ရ MNDAA ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောသည်။

ဦးလှဝင်း ခေါ်  လီကော်ကွန်း (Li Guoquan) သည် ကိုးကန့်ယဉ်ကျေးမှုအသင်း ဒုတိယ ဥက္ကဌ (ဟောင်း) ဖြစ်ခဲ့ဖူးသည်။  ၎င်းသည် မြန်မာနိုင်ငံ၏ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အသင်းတွင်လည်း ပါဝင်သူ တစ်ဦးဖြစ်သည်။

ဦးလှဝင်းတွင် ဇနီးသည်နှင့် သား တစ်ဦး၊ သမီး နှစ်ဦး၊ အသက် ၈၀ ကျော် မိခင်တို့ ကျန်ရစ်သည်ဟု သိရသည်။