ဖြိုခွင်းခံ လက်ပံတန်းကျောင်း သားများကို အချုပ်ကား နှစ်စီးဖြင့် ဖမ်းဆီးခေါ်ဆောင်ခံရ

ဖြိုခွင်းခံ လက်ပံတန်းကျောင်း သားများကို အချုပ်ကား နှစ်စီးဖြင့် ဖမ်းဆီးခေါ်ဆောင်ခံရ
by -
မဇ္စျိမ

လက်ပံတန်း သပိတ်စခန်းကို မတ်လ ၁၀ရက်နေ့လည် ၁နာရီက ဖြိုခွင်းခံရပြီးနောက် ကျောင်းသား များကို လူ၃၀ ခန့် ဝင်ဆံ့သည့် အချုပ်ကားနှစ်စီးဖြင့် ညနေ ၄း၃၀နာရီတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ရဲများက ကျောင်းသားများကို ခေါ်ဆောင်သွားသည့်နေရာသည် မည်သည့်နေရာဟု အတည်မပြုနိုင်သေးသော်လည်း အများစုခန့်မှန်းပြောဆိုမှုအရ လက်ပံတန်းမြို့သည် သာယာဝတီခရိုင်အတွင်း တည်ရှိ​သဖြင့် သာယာဝတီထောင် သို့ခေါ်ဆောင်သွားခြင်းဖြစ်နိုင်သည်ဟု ပြောဆိုနေကြသည်။

Mizzima110301

ဒီမိုကရေးစီ ပညာရေး ဦးဆောင်ကော်မတီမှ ကိုအောင်မှိုင်ဆန်း၏ဇနီး မလဲ့လဲ့နွယ်က "ကျောင်းသားတွေက အကုန်လုံး ထွက်ပြေးတယ်သူက ထွက်ပြေးဖမ်းမိတဲ့သူတွေက ဖမ်းမိကုန်ပြီး ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင် အကုန်ပါသွားပြီး  ကျောင်းသား ၁၃ယောက်ကျော်လောက် ဒဏ်ရာရတယ်။ ကျွန်မ တစ်ယောက်ထဲ ရန်ကုန်ကို ခုပြန်လာနေတယ်"ဟု  မဇ္စျိမကို ပြောသည်။

ဖမ်းဆီးခံရ သူများထဲတွင် ကျောင်းသား သပိတ်ခေါင်းဆောင်များဖြစ်သည့် မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်တို့ ပါသည်ဟု သတင်းများ ထွက်နေသော်လည်း အတည်မပြုနိုင်သေးဟုလည်း ကျောင်းသားများဘက်က ဆိုသည်။

လက်ပံတန်းမြို့ရှိ ကျောင်းသားသပိတ်ကို မတ်လ ၁၀ရက် မွန်းတည့်ချိန်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်များ၊ ဒိုင်းများဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး သပိတ်စခန်းအနီးက အောင်မြေဗိမာန်ကျောင်းတိုက်တွင်း ဝင်ရောက်ထွက်ပြေး သူများကိုလည်း ကျောင်းတိုက်ကို ရှာဖွေဖမ်းဆီးခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြကျောင်းသားပြည်သူများအပြင် သံဃာများ၊ မီဒီယာများ ကိုလည်း နံပါတ်တုတ်များဖြင့် ရိုက်နှက်ဖမ်းဆီးခြင်း၊ ကားများကို ရိုက်နှက်ခြင်းများ ပြုလုပ်ခြင်းကြောင့် မီဒီယာများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။  

ယင်းသို့ လက်ပံတန်းကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းခြင်းသည် "ဥပဒေနှင့်အညီ ထိန်းသိမ်းရှင်းလင်း ခဲ့ခြင်း"ဖြစ်သည်ဟု နိုင်ငံပိုင်ရုပ်/ သံမီဒီယာမှတစ်ဆင့် မတ်လ ၁၀ရက် ညနေက ထုတ်ပြန်ထားသည်။

ဆန္ဒပြသူများက "အတားအဆီးများ ဖယ်ရှားခြင်း၊ ရဲတပ်ဖွဲ့ဝင်များ ရှိရာနေရာသို့ ထိုးဖောက်ဝင်ရောက်ရန်ကြိုးပမ်းခြင်း၊ ရဲတပ်ဖွဲ့ဝင်များ အတွင်းသို့ ခဲများဖြင့် ပစ်ပေါက်ခြင်းတို့ ပြုလုပ်" ဟု ဆိုကာ "ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ ထိန်းသိမ်းရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်" ဟုနိုင်ငံ ပိုင်ရုပ်/ သံမီဒီယာက ကြေညာခဲ့သည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ၄င်း၏ဖေ့စ်ဘွတ် စာမျက်နှာတွင် "ဒိုုင်း၊ တုုတ်မပါတဲ့ ရဲတပ်ဖွဲ့ဝင်များက နောက်ဆုံုးအချိန်အထိ ကြိုးစားပြီး လူအုုပ်စုုကိုု တားဆီးထိန်းသိမ်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။  လူစုခွဲဖိုု့ အတွက် အကြိမ်ကြိမ်  သတိပေးပေမယ့် လိုုက်နာမှုမရှိဘဲ ရဲတပ်ဖွဲ့ဝင်များကိုု တိုက်ခိုက်ခြင်း၊ တဲများနဲ့ အတားအဆီးများကိုု ဖျက်ဆီးခြင်းများ ဆောင်ရွက်လာတဲ့အတွက် အင်အားသုံုးလူစုုခွဲခဲ့ရပါတယ်’’ဟု ဆိုထားသည်။

လက်ပံတန်းသပိတ်စခန်းကို ဖြိုခွင်းမှု မပြုမီ နံနက်ပိုင်းတွင် ကျောင်းသားများက ရန်ကုန်သို့ နေ့ချင်းချီတက်ရန် ပဲခူးတိုင်း၊ လုံခြံုရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးက နံနက် ၁၀နာရီခန့်တွင် နုတ်ဖြင့် ခွင့်ပြုပေးထားသော်လည်း ထိုနေ့ နေ့လည် ၁၁နာရီ ဝန်းကျင်အထိ ကျောင်းသားသပိတ်ကို ပိတ်ဆို့ထားပြီး ကျောင်းသားများကို ထွက်ခွင့်မပြု၍ ကျောင်းသားများက ပိတ်ဆို့ ထားမှုများကို ဖောက်ထွက်ခဲ့ရာမှ ရဲများနှင့် အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။   

သပိတ်မှောက်ကျောင်းသားများအနေဖြင့် ပိတ်ဆို့ခံထားရသည့် လက်ပံတန်းမြို့၊ ကျွန်းကလေး အနောက်ဘက် ကမ်းလမ်းထိပ်မှ ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် ရန်ကုန်-ပြည်လမ်းမပေါ်ရှိ တာဆုံအထိ လမ်းလျှောက် ခွင့်ပေးခဲ့ပြီး  ထိုမှတစ်ဆင့် ရန်ကုန်သို့ နေ့ချင်းချီတက်ရန် ဝန်ကြီးက ပထမပိုင်းတွင် ခွင့်ပြုခဲ့ခြင်းလည်းဖြစ်သည်။

ကျောင်းသားများကလည်း မတ်လ ၁၀ရက် နံနက် ၁၀နာရီ နောက်ဆုံးထားပြီး အာဏာပိုင်များ၏ ပိတ်ဆို့တားဆီးမှုများကို ဖယ်ရှားပေးရန် မတ်လ ၈ရက်က အရေးပေါ်ကြေငြာချက် ထုတ်ပြန်ထားသည်။