စစ်တွေနှင့် ရမ်းဗြဲ မီးလောင်၊ အိမ်ရှစ်ဆောင် မီးထဲပါ

စစ်တွေနှင့် ရမ်းဗြဲ မီးလောင်၊ အိမ်ရှစ်ဆောင် မီးထဲပါ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ရမ်းဗြဲမြို့တို့တွင် နှစ်ရက်အတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ရှစ်ဆောင် မီးလောင်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်တွေတွင် ကုန်တန်းရပ်ကွက်၊ လှည်းတန်းလမ်းတွင် မတ်လ ၉ရက်နေ့ နံနက် ၁၀နာရီခန့်က မီးလောင်ခဲ့ပြီး  ရမ်းဗြဲတွင် မတ်လ ၈ ရက်နေ့ ညနေပိုင်းက လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

DSCN9656

စစ်တွေတွင် နေအိမ် ၄ လုံးမီးလောင်ခဲ့ပြီး  အခြားအိမ်တစ်လုံးကိုလည်း မီးငြိမ်းသတ်နိုင်ရန်အတွက် ဖြိုဖျက်ခဲ့ရသည်ဟု အခင်း ဖြစ်ပွားနေသည့်နေရာကို ရောက်ရှိနေသည့် ရခိုင်ပြည်နယ် မီးသတ်ဦးစီး ဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစံရွှေထွန်းက နိရဥ္စရာသတင်းဌာနမှ မေးမြန်းစဉ် ဖြေကြားခဲ့သည်။

“ဘယ်အိမ်ကနေ ဘယ်လို မီးစတင်လောင်တာကိုတော့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးတုန်း ပဲရှိပါသေးတယ်။ မီးလောင်တာက နာရီဝက်ခန့်ကြာပါတယ် ” သူဟု သူက ဆိုသည်။

မီးလောင်ရာ နေရာသို့ ရောက်ရှိနေသည့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရာဇာအောင်အား မြေးမြန်းခဲ့ရာတွင် လည်း အများထင်သလို လျှပ်စစ်ဝါယာလျှော့ ဖြစ်ရာမှ  စတင်မီးလောင်ခြင်းမျိုးမဖြစ်နိုင်ဟု ဆိုသည်။

မီးလောင်ကျွမ်းသွားသည့်နေအိမ်များတွင် ဓနိမိုး၊ ပျဉ်ကာအိမ်တစ်လုံးနှင့် ကျန်အိမ်များမှာ သွပ်မိုးပျဉ်ကာများဖြစ်ကြသည်။ လူများအား တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရှိခြင်း မရှိခဲ့ဟု သိရသည်။

အလားတူ မတ်လ ၈ ရက်နေ့ ညနေ ၄နာရီခန့်ကလည်း  ရမ်းဗြဲမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်စုစုပေါင်း ၄လုံး မီးလောင်ကျွမ်းခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၃ဝ ကျော်ဖိုးခန့်ဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တဆင့် သိရသည်။

“မီးစလောင်တဲ့အိမ်မှာက ယောကျ်ားတစ်ယောက်တည်းနေတာ။ သူလည်း အိမ်မှာ မနက်ပိုင်းအထိပဲရှိပြီး ကျန်တဲ့အချိန်မှာ တခြားရွာကို အလုပ်လုပ်သွားလုပ်နေရတယ်”ဟု  မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်စိန်ပွင့်က နိရဥ္စရာသို့ပြောသည်။

နာရီဝက်ခန့် လောင်ကျွမ်းခဲ့သည့်ယခုမီးကြောင့် ဓနိမိုး၊ ဝါးထရံကာအိမ်အပါအဝင် သွပ်မိုး၊ အုတ်ထရံ ကာထားသည့် နေအိမ်များလည်း မီးလောင်ဆုံးရှုံးသွားသည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။

ယခုဖြစ်စဉ်နှစ်ခုကြောင့် မီးပေါ့ဆစွာသုံးစွဲသူများကို စုံစမ်းစစ်ဆေး၍ ဥပဒေအရအရေးယူသွားမည်ဟု ရဲက ဆိုသည်။

Most read this week