လောက်ကိုင်ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၁၁၆ ဦး ဖြေဆိုမည်

လောက်ကိုင်ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၁၁၆ ဦး ဖြေဆိုမည်
by -
မဇ္စျိမ

စစ်ဘေးကြောင့် စတုတ္ထတန်းနှင့် အဌမတန်း အတန်းတင်စာမေးပွဲ ဖြေဆိုမည့်သူ မရှိခဲ့ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်း သူ ကျောင်းသားပေါင်း ၁၁၆ဦး ရှိသည်ဟု လောက်ကိုင်မြို့နယ်ပညာရေးမှူး ဦးသန်းဝင်းက ပြောသည်။

လာရှိုးမြို့မှ ၅၅ဦး၊ကွမ်လုံမြို့မှ  ၃၆ဦး၊ ပြင်ဦးလွင်မြို့နှင့်ရန်ကုန်မြို့တို့တွင် ၈ဦးတို့ကို အဆိုပါဒေသတွင် အေးချမ်းစွာဖြေဆိုနိုင်ရန် စီစဉ်ပေးထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။

"၉၉ဦးအတွက် စီစဉ်ပေးထားပြီးပါပြီ။ကျန်နေသေးတဲ့ ၁၇ဦးကတော့ ဒီနေ့အချိန်ထိ သက်ဆိုင်ရာ ပညာရေးမှူးရုံးတွေကို ဆက်သွယ်လာခြင်းမရှိသေးဘူး။ ဆက်သွယ်လာတာနဲ့ ချက်ချင်းစီစဉ်ပေးနိုင်အောင် ဆောင်ရွက်ထားတယ်"ဟု ၎င်းက ပြောသည်။

မတ်လ ၁၁ရက်မှ မတ်လ ၂၀ရက်အထိ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ တစ်နိုင်ငံလုံးတွင် တပြိုင်တည်း ကျင်းပမည်ဖြစ်သည်။

လောက်ကိုင်ဒေသတွင် ဖေဖော်ဝါရီ ၉ရက်မှ စတင်ဖြစ်ပွားသည့် ကိုးကန့်လက်နက်ကိုင်နှင့် အစိုးရ တပ်မတော်ကြား တိုက်ပွဲများကြောင့် အနယ်နယ်အရပ်ရပ်သို့ စစ်ရှောင်သွားကြသော ကျောင်းသူကျောင်းသား များက ၎င်းတို့ ဖြေဆိုရမည့် မြို့နယ်ပညာရေးမှူးရုံးများသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားလာပါက စာမေးပွဲဖြေဆိုနိုင်ရန် စီစဉ်ပေး သွားမည်ဟုလည်း မြို့နယ် ပညာရေးမှူးက ဆိုသည်။

တိုင်းနှင့် ပြည်နယ်စစ်နှင့် ခရိုင်စစ်အတန်းတင်စာမေးပွဲများကို ဖြေဆိုသည့်  အဋ္ဌမတန်းနှင့် စတုတ္ထတန်း ကျောင်းသူကျောင်းသားများကိုလည်း ရောက်ရှိသည့်ဒေသတွင် ဖြေဆိုနိုင်ရန် စီစဉ်ထားသော်လည်း ဆက်သွယ်ခြင်းများ မပြုလုပ်ဟုလည်း ပညာရေးမှူးထံမှသိရသည်။

စစ်ရှောင်ခြင်းကြောင့် အနယ်နယ်အရပ်ရပ်သို့ ရောက်နေသည့် သူငယ်တန်းမှ နဝမတန်းအထိ ကျောင်းသူကျောင်းသားများကို နယ်မြေဒေသ အေးချမ်းတည်ငြိမ်မှု ပြန်လည် ရရှိလာပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ် ချိန်တွင် သင်ခန်းစာများအား ပြန်လည်သင်ကြားပြီးနောက် အတန်းတင်စာမေးပွဲ စစ်ဆေးမှု ပြုလုပ်ပေးသွားမည်ဖြစ်သည်။

Most read this week