တရုတ်နယ်စပ်ရောက် မြန်မာ ဒုက္ခသည် သုံးသောင်းကျော် ကယ်တင်ခွင့်ရရန် ကြီးလေးကြီးထံ စာတင်မည်

တရုတ်နယ်စပ်ရောက် မြန်မာ ဒုက္ခသည် သုံးသောင်းကျော် ကယ်တင်ခွင့်ရရန် ကြီးလေးကြီးထံ စာတင်မည်
by -
မဇ္စျိမ

ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ်နယ်စပ်သို့ ရောက်ရှိ ပုန်းရှောင်နေသည့် စစ်ပြေးဒုက္ခသည် သုံးသောင်းကျော်ကို ကယ်တင်နိုင်ရန် အခက်အခဲရှိနေခြင်းကြောင့် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ထံ စာရေးသားတင်ပြသွားမည်ဟု End War In Myanmar လူသားချင်းမို့စာနာစို့ အဖွဲ့ဝင် ကိုလင်းနီသွေးက မဇ္စျိမသို့ပြောသည်။

"“Myanmar Peace Centre က သမ္မတအထိ ပေါက်ရောက်တဲ့အတွက်ကြောင့် သူတို့ကနေတစ် ဆင့် လေးနေရာကို စာတင်မှာပါ။ကျွန်တော်တို့ ဒီအတိုင်း သွားရောက်ကယ်တင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။ ဒါကြောင့်စာတင်မယ် ခွင့်ပြုမိန့်ကျလာပြီဆိုရင် ကွမ်လုံမှာရှိတဲ့ ဒေသခံ ပရဟိတသမားတွေက သွားရောက်ခေါ်ဆောင်မှာပါ" ဟု ကိုလင်းသွေးနီက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် ဖုန်ကြာရှင်ဦးဆောင်သည့် ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရတပ်တို့ကြား လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကိုးကန့်ပြည်သူများ၊ ရှမ်းလူမျိုး၊ ပလောင်တို့အပြင် အောက်မြန်မာပြည်၊ အထက်မြန်မာပြည်မှ ကိုးကန့်ဒေသတွင် သွားရောက်အလုပ်လုပ်သူများ ပါဝင်သည့် စစ်ပြေး ဒုက္ခသည် ၆၄၃၀၀ကျော်ခန့် ရှိနေသည်ဟုလည်း ကိုလင်းသွေးနီက ပြောသည်။

တရုတ်နယ်စပ်သို့ ရောက်ရှိခိုလှုံနေသည့် စစ်ရှောင် ဒုက္ခသည်များအနက် ထက်ဝက်ခန့်သည် နေထိုင်ရေးနှင့် စားနပ်ရိက္ခာ အခက်အခဲရှိနေသည်ဟုလည်း ကွမ်လုံမြို့နယ် ကြက်ခြေနီအသင်း၏ အလုပ်အမှုဆောင် ဦးစောသန်းလွင်က ဆိုသည်။

"တရုတ်ဘက်ကို ရောက်ရှိနေတဲ့ မြန်မာလူမျိုးတစ်ယောက်က ကျွန်တော့်ကို ဖုန်းဆက်တယ်။ မင်းတို့က မင်းတို့ဘက်က လူကိုတော့ကယ်တယ်။ ငါတို့ဒုက္ခရောက်နေတာကိုကျတော့ မကယ်ဘူးလို့ပြောတယ်။ သူတို့ဘက်မှာ ဒုက္ခရောက်နေတဲ့ မြန်မာလူမျိုး ခြောက်သောင်းကျော်ရှိတယ်။ အဲဒီထဲမှာမှ သုံးသောင်းလောက်က တရုတ်ဘက်မှာ နေနိုင်၊ စားနိုင်တယ် အဆင်ပြေတယ်။ ကျန်တဲ့သုံးသောင်းကျော်လောက်က အခြေအနေဆိုးတယ်လို့ ပြောတယ်။ ခွင့်ပြုမိန့်ကျတယ်၊ ဒုက္ခရောက်နေတဲ့လူတွေကကျွန်တော်တို့က ကယ်တင်တာကိုလက်ခံတယ်ဆိုရင်တော့ ကယ်တင်သွားမယ်” ဟု ပြောသည်။