မွန်ပြည်နယ် ရေးမြို့နယ်ရှိ ဖာလိန်ဒေသ၊ အံဒင်ကျေးရွာအနီးတွင် တည်ဆောက်ရန် လျာထား သည့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကို လိုလားသူအချို့က စီမံကိန်းထောက်ခံလက်မှတ် များ ကောက်ခံရာတွင် မမှန်ကန်မှုများ ဖြစ်ပေါ်နေသည့်အတွက် ယင်းကိစ္စကို စုံစမ်းဖော်ထုတ်သွားမည် ဟု ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS) ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောသည်။
“လိမ်လည်ကောက်ခံခဲ့တဲ့ ကိစ္စကို ဖော်ထုတ်သွားမယ်၊ ကွင်းဆင်းစုံစမ်းဖို့ ရှိတယ်၊ သက်သေအထောက် အထား အပြည့်အစုံနဲ့ ပြန်လည်တင်ပြသွားဖို့ ရှိပါတယ်” ဟု YSS ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောသည်။
ဇန်နဝါရီလကုန်ပိုင်းနှင့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် စီမံကိန်း လိုလားသူအချို့က ထောက်ခံလက်မှတ် များကို ရေးမြို့နယ် အတွင်း တိတ်တဆိတ် လိုက်လံကောက်ခံခဲ့ပြီး ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန်နှင့် ပတ်သက်၍ တစုံတရာ ပြောကြားခဲ့ခြင်း မရှိကြောင်းလည်း ထောက်ခံစာရင်းတွင် ပါဝင်သူအချို့က ပြောသည်။
ရေးမြို့ အောင်မေတ္တာကွက်သစ်နေ ဒေါ်မြင့်ဦးက “သူတို့တွေ လက်မှတ်လာကောက်တုန်းကတော့ လျှပ်စစ်မီးရမယ်၊ ကျောက်မီးသွေးစက်ရုံ ဆောက်ဖို့ မပြောဘူး၊ ကျွန်မခေါင်းပဲ ညိတ်လိုက်တယ်၊ သန်းခေါင်စာရင်း ယူကြည့်တယ်၊ ပြီးတော့ သူတို့ဘာသာ သူတို့ လက်မှတ်ထိုးသွားကြတယ်၊ ခုမှ ကျောက်မီးသွေးစက်ရုံ ထောက်ခံကြောင်း လက်မှတ်လို့ သိလိုက်ရတာ” ဟု ပြောသည်။
၎င်းပြင် စက်ရုံစီမံကိန်းကို ထောက်ခံကြောင်း ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် နေပြည်တော်ရှိ သမ္မတရုံးသို့ လိပ်မူကာ တင်ပြခဲ့ရာတွင် တာဝန်ယူတင်ပြသူ ၄ဦး၏ နေရပ်လိပ်စာကို အံဒင်ကျေးရွာဟု ထည့်သွင်းဖော်ပြထားသော်လည်း ၂ဦးမှာ အံဒင်ရွာခံများ မဟုတ်ကြောင်း YSS အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောသည်။
သူက “ရေးမြို့၊ အောင်မေတ္တာကွက်သစ်မှာ နေထိုင်တဲ့ သူတွေနဲ့ ရွှေပြည်သာကျေးရွာက သူတွေပါ။ နိုင်ငံတော် သမ္မတအဆင့်ထိတောင် မိမိရဲ့ လိပ်စာတွေကို ခုလိုလိမ်လည် တင်ပြတာဟာ ပြစ်မှုတစ်ခုပါပဲ” ဟု ပြောသည်။
သမ္မတရုံးသို့ ပေးပို့စာတွင် “ရေးမြို့နယ် အံဒင်ကျေးရွာတွင် အဆင့်မြင့်နည်းပညာဖြင့် (Toyo Thai) ဂျပန်အဆင့်မြင့်ကုမ္ပဏီမှ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ခြင်းဖြင့် ဒေသခံ များအတွက် လျှပ်စစ်မီးလုံလောက်မှုနှင့် ငွေကုန်ကြေးကျ နည်းသည့်အပြင် ဒေသဖွံ့ဖြိုးမှုုနှင့် ပတ်သက်သော အလုပ်လက်မဲ့ ပြဿနာကိုလည်း ဖြေရှင်းနိုင်သည့်အပြင် (USE) အဆင့်မြင့်နည်းပညာဖြင့် ပတ်ဝန်းကျင်ထိခိုက် မှုနှင့် ကျန်းမာရေး အန္တရာယ်ကိုလည်း အာမခံချက်ဖြင့် တည်ဆောက်ခြင်းကို ပူးတွဲပါ ဒေသခံ အမည်စာရင်းပေါင်း (၆၂၆၅) အင်အားဖြင့် ထောက်ခံကြောင်း သက်ဆိုင်ရာအဆင့်ဆင့်သို့ လူဦးရေ အမည်စာရင်းပါ အားလုံး ပူးတွဲတင်ပြအပ်ပါသည်” ဟု ပါရှိသည်။
ဒေသခံဟု ဆိုရာတွင် အံဒင်ရွာခံ ဆယ်ဂဏန်းမျှသာ ပါဝင်ပြီး၊ စီမံကိန်း တည်နေရာနှင့် အလှမ်းဝေးသည့် ရေးမြို့နယ် တောင်ပိုင်း၊ မြောက်ပိုင်းရှိ ကျေးရွာ ၁၈ ရွာတွင် ကောက်ခံထားမှုများရှိကြောင်း ပူးတွဲပေးပို့ချက်တွင် တွေ့ရှိရသည်။
အံဒင်ဒေသခံ လူငယ်တစ်ဦး ဖြစ်သည့် မိနီမာဦးက “လက်မှတ်တွေ ဘယ်လိုပဲတက်တက်၊ ကျွန်မတို့ကတော့ ဆက်လက်ကန့်ကွက်သွားရမှာပဲ။ အံဒင်ရွာမှာ ကန့်ကွက်တဲ့သူတွေက ၉၅ ရာခိုင်နှုန်း ရှိတယ်” ဟု ပြောသည်။
၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် ဖာလိန်ဒေသရှိ ဆရာတော်များ ဦးဆောင်မှုဖြင့် ကန့်ကွက်လက်မှတ်များ ကောက်ခံ စဉ်က အိမ်ခြေ ၅၀ဝကျော် ရှိသည့် အံဒင်ကျေးရွာတွင် ၁၅အိမ်ခန့်မှ လွဲ၍ ကျန်အိမ်များအားလုံး ကန့်ကွက်လက်မှတ်များ ထိုးခဲ့ကြသည်ဟု အံဒင်ဘုန်းတော်ကြီးကျောင်း စာချဆရာတော် အရှင်နန္ဒက မိန့်သည်။
အမေရိကန်ဒေါ်လာ သန်း ၂၇၀ဝ ရင်းနှီးမြှုပ်နှံကာ လျှပ်စစ်ဓါတ်အား ၁၂၈၀မဂ္ဂါဝပ် ထုတ်မည့် အံဒင်ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို အံဒင်ကျေးရွာ အပါအဝင် ဖာလိန်ဒေသမှ ဒေသခံ များ၊ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS) နှင့် မွန်ပြည်သစ်ပါတီတို့က ကန့်ကွက်သည့် သဘောထားများ ထုတ်ပြန်ထားပြီး ဖြစ်သည်။