ရခိုင်စာပီယဉ်ကျေးမှုဂျာနယ် မိတ်ဆက်ပွဲပြုလုပ်

ရခိုင်စာပီယဉ်ကျေးမှုဂျာနယ် မိတ်ဆက်ပွဲပြုလုပ်
by -
နိရဥ္စရာ

ခိုင်စာအရေးအသားသက်သက်ဖြင့် ရေးသားထုတ်ဝေသော ရခိုင်စာပီ(စာပေ)ယဉ်ကျေးမှု ဂျာနယ် စတင်ထုတ်ဝေသည့် မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့နှင့် စစ်တွေမြို့တို့တွင် မတ်လ ရ ရက် နေ့လယ် (၁) နာရီအချိန်က တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့တွင် အာရက္ခဖေါင်ဒေးရှင်းရုံးခန်းတွင်လည်းကောင်း၊ စစ်တွေတွင် အားသစ် လက်ဖက်ရည်ဆိုင်တွင် လည်းကောင်း ပြုလုပ်ခဲ့သည်။

Rakhine-magazine

ရန်ကုန်တွင် ပြုလုပ်ခဲ့သော အခမ်းအနားသို့ စာပေသမား ၄၀ခန့်တက်ရောက်ခဲ့ပြီး ယခု ထုတ်ဝေသော ရခိုင်စာပီ ယဉ်ကျေးမှု ဂျာနယ်သည် ရခိုင်လူမျိုးတို့၏ အမျိုးသား စာပေ ယဉ်ကျေးမှုများကို ဖော်ထုတ်မြှင့်တင်ပေး မည့်အပြင် ရခိုင်စာပီ(စာပေ) သင်ကြားရေးကိုပါ အထောက်အကူ ပြုနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း စာတည်းချုပ် မောင်လိူင် (လမု)က ပြောကြားသည်။

မတ်လ ရရက်နေ့ နေ့စွဲဖြင့်  ထွက်လာသော အတွဲ (၁)၊ အမှတ် (၁) ဂျာနယ်မှ စပြီး  တစ်လ တစ်ကြိမ် ထုတ်ဝေမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် တစ်လနှစ်ကြိမ် (သို့မဟုတ်) တစ်ပတ်တစ်ကြိမ် ပုံမှန်ထုတ်ဝေသွားမည်ဟု စစ်တွေတွင် ပြုလုပ်သော အခမ်းအနားတွင်  လက်ထောက် စာတည်းမှူး မြတ်ဌေး (ပေါက်လေ)က ပြောသည်။

“ရခိုင်ပြည်နယ်မှာ ရခိုင်လိုသီးသန့် ထုတ်ဝေတဲ့ ဂျာနယ်မရှိသေးဘူး။ အဲ့ဒီ ဟာကွက်လေးတစ်ခုကို ဖြည့်ဆည်း တဲ့ သဘောပေါ့။ စာရေးဆရာတွေကိုတော့ ရခိုင်စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းနဲ့ ပတ်သက်တဲ့ ဆောင်း ပါးတွေကို ရေးသားပြီး အားပေးစေချင်ပါတယ်။ စာပေဝါသနာရှင်တွေနဲ့ ရခိုင်သူ ရခိုင်သားတွေကိုတော့ ၀ယ်ယူအားပေးဖို့ တိုက်တွန်းချင်ပါတယ်” ဟု ယင်းက ဆိုသည်။

ယင်းအပြင် အဆိုပါဂျာနယ်ကို ရခိုင်လူမျိုးတိုင်း ကိုယ့်ဘာသာစကားကို မည်သည့်နေရာ ရောက်ရောက် သားစဉ် မြေးဆက် ထိန်းသိမ်းသွားနိုင်စေရန်၊ ရခိုင်ဘာသာ သင်ကြားရေးကို အထောက်ကူပြုနိုင်ရန်နှင့် ရခိုင်စံဘာသာ၊ စံစကား ဖြစ်ပေါ်ရေးတို့တွင် အထောက်အပံ့ဖြစ်စေရန်နှင့် ရခိုင်စာပေ၊ သမိုင်း၊ ရခိုင်ယဉ်ကျေးမှုများကို ဖော်ထုတ် ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ထုတ်ဝေခြင်းဖြစ်သည်ဟု လက်ထောက် စာတည်းမှူး မြတ်ဌေး (ပေါက်လေ)က ဆိုသည်။

“ဂျာနယ်ထုတ်ဝေတဲ့နေရာမှာ အဓိက ရင်ဆိုင်လာရတာကတော့ စာမူအခက်အခဲပဲ။ ရခိုင်ဘာသာ အရေးအသား သက်သက်နဲ့ ရေးတဲ့လူက သိပ်မရှိဘူး။ ဖြန့်ချိရေးမှာလည်း အခက်ခဲရှိပါတယ်။ တချို့က ရခိုင်ဘာသာ သက်သက်နဲ့ဆိုတော့ သိပ်မဖတ်ချင်ကြဘူးလေ”ဟု  မြတ်ဌေး (ပေါက်လေ) ကပြောသည်။

ယခုဂျာနယ်သည် စွန့်စားပြီးထွက်လာသည့် ဂျာနယ်တစ်စောင်ဖြစ်ပြီး ဂျာနယ်ဆက်လက် ရှင်သန်နိုင်စေရန် အဓိက ပညာတတ်အလွှာကို ပစ်မှတ်ထားရမည်ဖြစ်ကာ ကျောင်းဆရာ၊ ဆရာမများကို အခြေခံပစ်မှတ်ထားရန် လိုအပ်ကြောင်း ရခိုင်သမိုင်းပညာရှင် ဆရာကြီး ဦးမောင်ဗသိန်းက ပြောသည်။

“အရင်တုန်းကလည်း ရခိုင်လိုသက်သက် ထုတ်ဝေတဲ့ ဂျာနယ် မဂ္ဂဇင်းတွေ ထုတ်ဝေဖူးပါတယ်။ တချို့ ဂျာနယ်တွေဆိုရင် တစ်စောင်နှစ်စောင်သာ ထုတ်ဝေပြီး ရပ်တန့်သွားတာတွေကို ကြံုဖူးပါတယ်။ ဂျာနယ်တစ်ခု ရှင်သန်ဖို့ဆိုရင် ပရိသတ်က အရေးကြီးပါတယ်။ ထမင်းငတ်နေတဲ့ပြည်သူကို စာပေယဉ်ကျေးမှုအကြောင်း သွားပြောတာဟာ ပြစ်မှုတစ်ခုကို ကျူးလွန်တာနဲ့ တူတယ်လို့ နေရူးက ပြောဖူးပါတယ်”ဟု ယင်းက ဆိုသည်။

ယခုစတင်ထုတ်ဝေသော ဂျာနယ်အမှတ်(၁)တွင် သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် ရခိုင်သမိုင်းပညာရှင် ဆရာကြီးဦးဦးသာထွန်းတို့ အမေးအဖြေ၊ ရခိုင်သမိုင်းဖြစ်စဉ် အကျဉ်း (၁)၊ ၉၉ လတ္တံ့၊ ကျိန်စာသင့်ယဉ်ကျေးမှုဆောင်းပါး၊ ခိုင်မိုးလင်းအကြောင်းဆောင်းပါး၊ ခိုင်ရာဇာအကြောင်း ဆောင်းပါးနှင့် အခြားဆောင်းပါးများ အပြင် ကဗျာများ လည်း ဖော်ပြပါရှိသည်။

ယင်းဂျာနယ်မိတ်ဆက်ပွဲသို့ ရခိုင်သမိုင်းပညာရှင်များဖြစ်ကြသော အရှင်ပညာစာရ၊ ဆရာကြီးဦးမောင်ဗသိန်း၊ ဆရာကြီးဦးအောင်လှသိန်းနှင့် အခြားစာရေးဆရာများ၊ သတင်းထောက်များနှင့် စိတ်ပါ၀င်စားသူ ၃၀ခန့် တက်ရောက်ခဲ့သည်။

Most read this week