ကချင်ရောက် ရခိုင်များ နေရပ်ပြန်နိုင်ရေး ရခိုင်ဝန်ကြီးချုပ်နှင့် ဆွေးနွေး

ကချင်ရောက် ရခိုင်များ နေရပ်ပြန်နိုင်ရေး ရခိုင်ဝန်ကြီးချုပ်နှင့် ဆွေးနွေး
by -
နိရဥ္စရာ

ကချင်ပြည်နယ်တွင် အလုပ်လုပ်ရန်သွားရောက်ရာမှ ဒုက္ခရောက်နေကြရသော ရခိုင်တိုင်းရင်းသားများကို ရခိုင်ပြည်နယ်သို့ ပြန်လည်ရွှေ့ပြောင်း အခြေချပေးနိုင်ရေးအတွက် ကချင်ပြည်နယ် အခြေစိုက် ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မတ်လ ၆ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အလိုတော်ပြည့် ကျောင်းတိုက်တွင် အလိုတော်ပြည့်ဆရာတော်ကြီးအား အမှူးထားပြီး တွေ့ဆုံဆွေးနွေး ပွဲတစ်ခုပြုလုပ်ခဲ့သည်ဟု ကချင်ပြည်နယ်အခြေစိုက် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင် ကိုအောင်ဆန်းလင်းက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

“ဝန်ကြီးချုပ်ကတော့ ကချင်ရောက် ရခိုင်လူမျိုး တစ်သိန်းကို ပထမအသုတ်အနေနဲ့ ပြန်လည်နေရာ ချထားပေးဖို့ရယ်၊ နောက်ပြီး သူတို့နေထိုင်ဖို့  အိမ်ယာခြံမြေတွေ၊ အလုပ်အကိုင်တွေနဲ့ စားနပ်ရိက္ခာတွေကို အနည်းဆုံး ၃ လစာ ကူညီပေးသွားမယ်လို့ ကတိခံခဲ့တယ်” ဟု ၀န်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုရလဒ်အား ကိုအောင်ဆန်းလင်းက နိရဥ္စရာသို့ ပြောသည်။

rakhine

ကချင်ပြည်နယ်တွင် ၂၀၁၁ခုနှစ်နောက်ပိုင်း မြန်မာ့တပ်မတော်နှင့် ကချင်ပြည်လွတ်လပ်ရေး တပ်မတော်တို့ အကြား တိုက်ပွဲများဖြစ်ပွားလာသည့်အတွက် ယင်းဒေသတွင် အလုပ်လုပ်နေသူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသဖြင့်  ရခိုင်လူမျိုးများအနေဖြင့် အလုပ် ရှာဖွေလုပ်ကိုင်ရာတွင် အခက်အခဲများနှင့် ကြံုတွေ့လာသည်ဟု သိရသည်။

“ကချင်ရောက် ရခိုင်တိုင်းရင်းသားတွေထဲက နေရပ်ပြန်ချင်တဲ့သူတွေကို ပြန်ပို့နိုင်ဖို့ ကျွန်တော်တို့အဖွဲ့က ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေး နားလည်မှု ရရှိထားပြီးဖြစ်ပါတယ်။ အခုလည်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ဖိတ်ခေါ်တဲ့အတွက် လာရောက်ဆွေးနွေးတာပါ”ဟု ကိုအောင်ဆန်းလင်းက ဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်တွင် အလုပ်အကိုင် ရှားပါး၍ ကချင်ပြည်နယ်အတွင်း သွားရောက် အလုပ် လုပ်ကိုင်နေသူ ရခိုင်တိုင်းရင်းသား စုစုပေါင်း ၂ သိန်းကျော်ရှိသည်ဟု ကချင်ပြည်နယ်အခြေစိုက် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှတဆင့် သိသည်။

ကချင်အခြေစိုက် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့သည် ကချင်ပြည်နယ်တွင် ဒုက္ခရောက်နေသော ရခိုင်အမျိုးသား ၄ဝဝ ကျော်ကို ၂၀၁၄ခုနှစ်က ကချင်ပြည်နယ် အစိုးရ၏ကူညီမှုဖြင့် နှစ်သုတ်ခွဲ၍ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သို့သော် ပြန်ပို့သူများထဲမှ တစ်ချို့သည် ရခိုင်ပြည်နယ်တွင် ဆွေမျိုးများမရှိခြင်းနှင့် အလုပ်အကိုင် အဆင်မပြေ၍ ကချင်ပြည်နယ်သို့ ပြန်လည်သွားရောက်ကာ အလုပ်လုပ်နေကြကြောင်းလည်း ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဆိုသည်။

ယင်းသို့ အဖြစ်အပျက်မျိုး နောက်ထပ်မပေါ်ပေါက်စေရန် ရခိုင်ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံပြီး သူတို့အားပြန်လည်နေရာချထားရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးတွက် ဆွေးနွေး ရခြင်းဖြစ်ကြောင်း သိရသည်။

Most read this week