တောင်ကုတ်မြို့တွင် တန်ပြန် ဆန္ဒဖော်ထုတ်ပွဲပေါ်ပေါက်

တောင်ကုတ်မြို့တွင် တန်ပြန် ဆန္ဒဖော်ထုတ်ပွဲပေါ်ပေါက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်  တောင်ကုတ်မြို့တွင်  " ဒီမိုကရေစီ အရေခြံု၍ ပြည်သူ့ဝန်ထမ်းများအား အနိုင်ကျင့်မှုကို ရှုတ်ချဆန္ဒပြပွဲ” ခေါင်းစဉ်ဖြင့် တန်ပြန်ဆန္ဒဖော်ထုတ်ပွဲတစ်ခု မတ်လ ၅ရက်နေ့က ပေါ်ပေါက်ခဲ့သည်။

ယင်းတန်ပြန် ဆန္ဒဖော်ထုတ်ပွဲသည် မတ်လ ၃ရက်နေ့က တောင်ကုတ်မြို့နယ် တရားသူကြီးနှင့် ဥပဒေ ဝန်ထမ်းများအား ကန့်ကွက်သည့် ဆန္ဒပြပွဲအပြီး တစ်ရက်အကြာတွင် ပေါ်ပေါက်ခဲ့သည်။

Taungup-Demonstration-against-judges-and-legal

တန်ပြန် ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ကိုဘမြင့် (စာရေးဆရာ ပန်းတင် ငမောက်)က  “လွန်ခဲ့တဲ့ ရက်တွေက ဒီကျွန်တော်တို့ တောင်ကုတ်မြို့မှာဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆန္ဒပြပွဲက တကယ်တော့ ကျွန်တော်တို့ မြို့ရဲ့ ပြဿနာ မဟုတ်ပါဘူး။ ပါတီတစ်ခုရဲ့ ခေါင်းဆောင်ပိုင်းက လူပုဂ္ဂိုလ်တစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတစ်ခုပါ။ သူက အဲဒီပြဿနာကို မြို့နယ် ပြဿနာပုံစံမျိုးနဲ့လုပ်ပြီး ဆန္ဒပြတဲ့အတွက် ဒါကို  မကျေနပ်လို့ ကျွန်တော်တို့က ဆန္ဒ ပြန်ပြရတာပါ ” ဟု ပြောဆိုကြောင်း တောင်ကုတ် ဒေသခံတို့ပေးပို့သော သတင်းတွင် ဖေါ်ပြသည်။

နံနက် ၉ နာရီ ၃၀ မိနစ်တွင် တောင်ကုတ်မြို့၊ မြို့နယ် ဆေးရုံရှေ့မှ စတင်ကာ ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ” ပြည်သူကို လိမ်ညာ လှည့်ဖြား စည်ရုံးသူကို အလိုမရှိ”၊ “ဒီမိုကရေစီ အခွင့်အရေးကို အလွှဲသုံးစားမလုပ်ပါနှင့် ”၊ “ရိုးသား ကြိုးစားသော နိုင်ငံဝန်ထမ်းများကို ဆန္ဒပြမှုနှင့် အနိုင် မကျင့်ပါနှင့်”၊ “မိမိကိုယ်ကျိုးအတွက် မြို့နယ် တည်ငြိမ် အေးချမ်းမှုကို မပျက်ပြားစေပါနှင့်” ၊ “ပုဂ္ဂိုလ်ရေး ပြဿနာကို မြို့ ပြဿနာမလုပ်ပါနဲ့” စသည့် ကြွေးကြော်သံများ၊ ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ဒုတိယ ခေါင်းဆောင် ကိုသန်းမြင့်( စစ်မှုထမ်းဟောင်း)ကလည်း “ကျွန်တော်တို့ တိုးတက်ဖွံ့ဖြိုးမှုကို လိုလားပါတယ်။ ငြိမ်းချမ်းတည်ငြိမ်မှုကို လိုလားပါတယ်။ အခုလို ဆန္ဒ ခဏခဏပြပြီး ပြည်သူဝန်ထမ်းတွေကို အနိုင်ကျင့် ခြိမ်းခြောက်တာကို ကျွန်တော်တို့ လက်မခံပါဘူး။ ဒီမိုကရေစီ အခွင့်အရေးကို သုံးစွဲပြီး  ပုဂ္ဂိုလ်ရေး ကိစ္စကို ရှေးတန်းတင်၍ မြို့နယ် ပြဿနာအဖြစ် ဖန်တီးတာ ပြည်သူ ၀န်ထမ်းတွေကို အနိုင်ကျင့်တာ ကျွန်တော်တို့ လုံးဝ ကန့်ကွက် ရှုတ်ချပါတယ်” ဟု ပြောသည်။

ဆန္ဒဖော်ထုတ်သူ  ၁၅၀၀ ကျော်ခန့်ရှိသော ဆန္ဒဖော်ထုတ်သူများသည် ပန်းတောင်း-တောင်ကုတ်လမ််း၊ ညောင် တန်းလမ်း၊ ဦးဥတ္တမလမ်း အတိုင်း လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ပြီး ဖော်တော်ဦး ဘုရားတွင် အဆုံးသတ်ခဲ့သည်။

နိုင်ငံရေး အဖွဲ့အစည်းများ အနေဖြင့်  ၄င်းတို့၏ ကိုယ်ရေးကိုယ်တာ ပြဿနာများကို မြို့ပြဿနာအဖြစ် လှုံ့ဆော် စည်းရုံး၍ မကြာခဏ ဆန္ဒပြမှုများ ပြုလုပ်နေကြောင်း၊ ထိုသို့ ပြည်သူတွေကို လိမ်ညာစည်းရုံးနေခြင်းများ၊ ဆန္ဒပြခြင်းများ ဆက်လက် ပြုလုပ်နေပါက သူတို့အနေဖြင့်လည်း  ဆက်လက် တန်ပြန်ဆန္ဒပြမှု များ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါ၀င် သူများက ပြောဆိုသည်။

ထိုှဆန္ဒပြမှုတွင် ပါ၀င်သူများမှ တောင်ကုတ် မြို့ခံများ အပြင် တန်းလွဲဒေသ၊ ဆားပြင်ဒေသ၊ လားမူးဒေသ၊ ပန်းတင် ဒေသခံများ ဖြစ်ကြသည်ဟု သိရသည်။

သို့သော် မတ်လ ၅ ရက်နေ့က လွတ်လပ်သော အာရှအသံ (RFA)က ဖော်ပြသောသတင်းတွင် ယခု တန်ပြန်ဆန္ဒပြပွဲကို အာဏာပိုင်များနှင့် ဆက်နွယ်ပတ်သက်နေသူများက ကျေးလက်ဒေသက လူများကိုခေါ်ယူပြီး ဆောင်ရွက်စေခဲ့ခြင်း ဖြစ်ကြောင်း တောင်ကုတ်မြို့ခံများက ပြောဆိုသည်ဟု  ပါရှိသည်။

Most read this week