အသက် ၁၄နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး လိမ်လည်လှည့်ဖျားခံရပြီး ပျောက်ဆုံးနေ

အသက် ၁၄နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး လိမ်လည်လှည့်ဖျားခံရပြီး ပျောက်ဆုံးနေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်မှ အသက် ၁၄နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသည် အကူပန်းရံ လုပ်နေရာမှ လိမ်လည် လှည့်ဖျားခံရကာ ပျောက်ဆုံးနေသည်ဟု ဖခင်ဖြစ်သူက နိရဥ္စရာသို့ သတင်းပေးပြောကြားသည်။

“ကျွန်တော့်သမီးက မြောက်ဦးမြို့မှာ ပန်းရံ လုပ်နေရာကနေ ဖေဖော်ဝါရီလ ၁၁ရက်နေ့မှာ ပျောက်ဆုံးသွား ပါတယ်။ လွန်ခဲ့တဲ့ လေးရက်ခန့်က မင်းပြားကနေ ဖုန်းအဆက်အသွယ်ရပါတယ်။ အလိမ်ခံနေရတယ် လို့ ပြောပါတယ်။ ဘယ်မှာရောက်နေတယ် ဆိုတာကိုလည်း မေးလို့မရဘူး။ မင်းပြားကို လိုက်ရှာတော့လည်း မတွေ့ပါဘူး။ ဒါကြောင့် ဆရာတို့ သတင်းဌာနကို တိုင်ကြား သတင်းပို့ရတာ ဖြစ်ပါတယ်” ဟု ဖခင်ဖြစ်သူ ဦးကျော်စိန်အောင်က ပြောသည်။

14-year-old-young-woman-missing

ပျောက်ဆုံးနေသူ အမျိုးသမီးငယ်မှာ မခိုင်နှင်းဝေ  အသက် (၁၄)နှစ်ဖြစ်ပြီး မိဘများမှာ ဦးကျော်စိန်အောင်နှင့်  ဒေါ်ညိဦးဖြူတို့ဖြစ်ကာ မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်မှ ဖြစ်သည်။

သူမသည် မြောက်ဦးမြို့ ရဲတပ်ရင်းအား ဦးဆောင် ဆောက်လုပ်နေသူ ပန်းရံဆရာကြီး ဦးမောင်လှဝင်းထံတွင် အကူပန်းရံ အဖြစ် လုပ်ကိုင်နေရာမှ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း၊ ယခုအခါ ပန်းရံဆရာကြီးကိုလည်း ဖုန်းဆက်၍ မရတော့ကြောင်း  ဖခင်ဖြစ်သူမှ ပြောကြားသည်။

“ပန်းရံဆရာကြီးက အသက် ၄၈နှစ်၊ ကလေး လေးယောက်ရဲ့ ဖခင်၊ ဇနီးနာမည်က ဒေါ်မတင်ဝင်း၊ စစ်တွေ ရွာသာယာကလို့ သိရပါတယ်။ အခု ဖုန်းဆက်တာ ဖုန်းကို ပိတ်ထားပါတယ်။ ကျွန်တော်တို့ အကျိုးအကြောင်းကို သိချင်တဲ့အတွက် ဖုန်းဆက်တာပါ။ ကျွန်တော်တို့ကတော့ သမီးကိုပဲ ပြန်လိုချင်ပါတယ်” ဟု ဆိုသည်။

မခိုင်နှင်းဝေ ပျောက်ဆုံးသွားမှုနှင့် ပတ်သက်ပြီး ပျောက်ဆုံးပြီး သုံးရက်အကြာတွင် မြောက်ဦးမြို့ရဲစခန်းတွင် သွားရောက် တိုင်ကြားထားပြီး တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ဦးကျော်စိန်အောင်က ဆိုသည်။

မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စနှင့် ပတ်သက်ပြီး တိုင်ကြားခြင်း မရှိသေးကြောင်း ပြောဆိုသည်။

ဖခင်ဖြစ်သူ ဦးကျော်စိန်အောင်မှ တိုင်ကြားထားကြောင်း  ပြောဆိုသည်ဟု နိရဥ္စရာမှ  ပြန်လည်ရှင်းပြ ရာ ပြန်လည်စိစစ်ပြီး အကြောင်းပြန်ကြားပေးမည်ဟု မြောက်ဦးရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

Most read this week