နိုင်ငံတော် ဒုသမ္မတဦးဉာဏ်ထွန်း တံတားသစ်များ ဖွင့်လှစ်ပေးရန် ရခိုင်သို့ရောက်ရှိ

နိုင်ငံတော် ဒုသမ္မတဦးဉာဏ်ထွန်း တံတားသစ်များ ဖွင့်လှစ်ပေးရန် ရခိုင်သို့ရောက်ရှိ
by -
နိရဥ္စရာ

နိုင်ငံတော်ဒုတိယသမ္မတတစ်ဦးဖြစ်သူ ဦးဉာဏ်ထွန်းသည် တည်ဆောက်ပြီးစီးသွားသော မင်းပြားမြို့နှင့် ပေါက်တောမြို့အကြား သွယ်တန်းတည်ဆောက်ထားသည့် ဆင်ခုံတိုင်တံတားနှင့် စွန်ရဲတံတားတို့ကို ဖွင့်လှစ်ရန် နေပြည်တော်မှ တဆင့် စစ်တွေမြို့သို့  မတ်လ ၆ရက်နေ့ နေ့လယ်ပိုင်း က ရောက်ရှိလာခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက နိရဥ္စရာသို့ပြောသည်။

“မနက်ဖြန်(မတ်လ ရရက်) မင်းပြားသွားပြီး တံတားနှစ်စင်းသွားဖွင့်မယ်။ အစပိုင်းတော့ သမ္မတကိုယ်တိုင် လာမလို့ပါပဲ။ ဒါပေမယ့် သမ္မတခရီးစဉ်ပျက်သွားတယ်။ ဒီအတွက် ဒုသမ္မတ လာတာပါ”ဟု ယင်းက ဆိုသည်။

Vice-President-Nyan-Tun-arr

ရခိုင်ပြည်နယ် ပေါက်တောမြို့မှ ရန်ကုန်-စစ်တွေကားလမ်းနှင့် ဆက်စပ်နိုင်ရန်အတွက် ကားလမ်းတစ်ခုကို ဖေါက်လုပ်နေရာ ယင်းကားလမ်းပေါ်တွင် ဆင်ခုံတိုင် တံတားနှင့် စွန်ရဲတံတားတို့သည် အရှည်ဆုံး တံတားကြီးနှစ်စင်း ဖြစ်သည့်အပြင် မင်းပြားနှင့် ပေါက်တောမြို့အကြား အလွယ်တကူ ဆက်သွယ်သွားလာနိုင်ရန်လည်း ဖြစ်သည်။

ယင်းတံတားနှစ်စင်းကို နိုင်ငံတော်မှ ငွေကြေး အများအပြား အသုံးပြုခဲ့ရပြီး အချိန်ကာလ ၅နှစ်ခန့်် ကြာမြှင့်ခဲ့သည်ဟု သိရသည်။ သို့သော်လည်း ပေါက်တော-မင်းပြားကားလမ်းမှာ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ရန် လိုနေသေးသည်ဟု သိရသည်။

ယင်းတံတား နှစ်စင်းကို ဖွင့်လှစ်ပြီးစီးပါက ပေါက်တောမြို့မှတဆင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ မင်းပြားကို ဖြတ်ကာ တိုက်ရိုက် သွားလာနိုင်တော့မည် ဖြစ်သည်။

စစ်တွေသို့ရောက်ရှိလာသည့် ဒုသမ္မတဦးဉာဏ်ထွန်းသည် စစ်တွေမြို့ကိုကားဖြင့် မတ်လ ၆ရက်နေ့က လှည့်ပတ် ကြည့်ရှုခဲ့သည်။

ဒုသမ္မတဦးဉာဏ်ထွန်းသည် ရခိုင်ပြည်နယ်သို့ ၂ဝ၁၃ခုနှစ်၊ မေလအတွင်းက တစ်ကြိမ်ရောက်ရှိခဲ့ဖူးပြီး ယင်းအချိန်က ရခိုင်ပြည်နယ်သို့ မဟာစင်မုန်တိုင်း ဝင်ရောက်တိုက်ခတ်မည်ဟုဆိုကာ ကူညီကယ်ဆယ်မှုများပြုလုပ်ရန် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

Most read this week