အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ကိစ္စဆောင်ရွက်နေသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများ သည် နိုင်ငံမနာစေရန် ကြည့်ရမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
၎င်းက ‘‘အရေးကြီးတာက နှစ်ဘက်စလုံး နိုင်ငံမနာဖို့ ကြည့်ရမယ်။ အဲဒါ အရေးအကြီးဆုံးပဲ’’ ဟု ပြောသည်။ အမျိုးသား ပညာရေး ဥပဒေအား ပြန်လည်ပြင်ဆင်ရန် ကျောင်းသားများက သပိတ်စစ်ကြောင်းထွက် တောင်း ဆိုနေပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ပိတ်ဆို့တားဆီးမှုများ ပြုလုပ်ကာ နှစ်ဘက်တင်းမာမှု မြင့်တက်နေ ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် မတ်လ ၆ရက်နေ့က အမျိုးသား လွှတ်တော်အစည်းအဝေး ခန်းမတွင် ကျင်းပသည့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီနှင့် အမျိုးသား လွှတ်တော်ဥပဒေကြမ်း ကော်မတီဝင်များတွေ့ဆုံရာ၌ လက်ပံတန်းတွင် ကျောင်းသားများ ပိတ်ဆို့ခံထားရသည့်အတွက် ကျောင်းသား ကိုယ်စားလှယ်များက မဆွေးနွေးဘဲ ပြန်သွားခဲ့ကြသည်။
လတ်တလောတွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် ဆန္ဒပြကျောင်းသား သပိတ်စစ်ကြောင်း ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားခြင်းအပေါ် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းစဉ်ကို ထိခိုုက်စေသလားဟု မေးမြန်းချက်ကို ‘‘တရားဥပဒေ စိုးမိုးရေးနဲ့ ကိုက်ညီသလားဆိုတာ မေးရမှာပေါ့။ ကိုက်ညီနေရတယ်ဆိုရင်တော့ ဘာမှပြောစရာ မရှိဘူးပေါ့’’ ဟု ပြောသည်။