ကျောင်းသားသပိတ်ကို ထောက်ခံဆန္ဒပြသည့် ရန်ကုန်မှ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း)နှင့် ကျောင်းသားများအား ၀င်ရောက်ရိုက်နှက်ဖမ်းဆီးသည့် လက်မောင်းအနီပတ် အရပ်သားများသည် တိုင်းဒေသကြီး အစိုးရ၏ အစီအမံနှင့် စီမံခန့်ခွဲမှုသာဖြစ်သည်ဟု သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
"သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့တွေက လုပ်တာပါ။ ပြည်ထောင်စု အစိုးရအဖွဲ့က လုပ်တဲ့ဟာ မဟုတ်ပါဘူး။ ပြည်နယ်အစိုးရတွေကပဲ အဲဒီကိစ္စတွေကို ကိုင်တွယ်နေတာပါ" ဟု ၎င်းက ပြောသည်။
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် လက်ပံတန်းမြို့ရှိ သပိတ်ထိုင်ကျောင်းသားများကို အကြမ်းမဖက်ရန် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် မတ်လ ၅ရက်က ဆန္ဒထုတ်ဖော်သူများကို ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀နှင့် လက်မောင်းအနီပတ်အရပ်သား အင်အား ၁၀၀ကျော်တို့က ညနေ ၄နာရီခွဲကျော်တွင် ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် ရိုက်နှက်ဖမ်းဆီးဖြိုခွင့်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လူစုလူဝေးကို ဖြိုခွင်းရာတွင် ရဲတပ်ဖွဲ့နှင့်အတူ ၀င်ရောက်ဖြိုခွင်းသည့် လက်မောင်းအနီပတ်အရပ်သား များနှင့် ပတ်သက်၍ နိုင်ငံ၏ တာဝန်အရှိဆုံး သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်ဖြိုခွင်းရာသို့ ရောက်ရှိခဲ့သည့် ပုဂ္ဂလိက သတင်းဌာနမှ သတင်းထောက်က "ရဲတွေထက် သူတို့က အင်အားပိုများတယ်။ စည်းဝိုင်းလိုက်တာက သူတို့ပဲ။ ရဲတွေကိုတောင် အရပ်ဝတ်နဲ့ သူတွေက ပြန်ပြီး အမိန့်ပေးနေတာ" ဟု ၎င်း မြင်တွေ့ခဲ့ရသည့် အခြေအနေကို ပြောသည်။
လက်မောင်း အနီပတ် အရပ်သားများက ဖြိုခွဲမည်ဟု ကြေညာထားသည့် မိနစ် ၃၀ ထက်ပင်စော၍ ကျောင်း သား သပိတ်ထောက်ခံ ဆန္ဒပြသူများကို ဖြိုခွင်းခဲ့သည်ဟု ယင်းနေရာသို့ ရောက်ရှိခဲ့သည့် သတင်းသမား အများစုက ဆိုကြသည်။
အခင်းဖြစ်ရာသို့ သွားရောက် သတင်းယူသည့် မဇ္ဈိမသတင်းထောက်က "ကြေညာပြီး မိနစ် ၂၀ လောက်ပဲ ရှိမယ်၊ ဝင်ရိုက်တာ၊ အရပ်ဝတ်တွေက အရင်ဝင်ရိုက်တယ်၊ ပြီးတော့ ကားပေါ်ဆွဲတင်တယ်။ အဲဒီနောက်ကိုမှ ရဲကလိုက်တာ၊ ရဲကလဲ ရိုက်တယ်" ဟု ပြောသည်။
မတ်လ ၄ရက် ရွှေပြည်သာမှ ရန်ကုန်သို့ ချီတက်ဆန္ဒပြသည့် အလုပ်သမား သပိတ်ကြောင်းကိုလည်း အရပ်သား လူတစ်စုကပင် စတင်အကြမ်းဖက် ဖြိုခွင်းခဲ့ကြောင်း အလုပ်သမားဆန္ဒပြသူများနှင့်အတူ အဖမ်းခံရာတွင် ပါ၀င်ခဲ့သည့် သတင်းထောက်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားထားသည်။
သတင်းရယူနေသည့် သတင်းထောက်ဟု ဆိုနေသည့်ကြားမှပင် မီဒီယာလည်း ဖမ်းဆိုကာ ကင်မရာကို သိမ်းဆည်းကာ ကားပေါ်တင် ဖမ်းဆီးခဲ့သည်ဟု 7Day သတင်းစာက မတ် ၅ရက်က ထုတ်ပြန်ထားသည်။
၁၉၄၅ခုနှစ် ရဲအက်ဥပဒေအရ ဆူပူမှု၊ အုံ့ကြွမှုများကို ဖြိုခွင်းနိုင်ရန် အနီးတစ်ဝိုက်ရှိ လူထုသို့ အရံရဲအာဏာအပ်နှင်းပြီး ပြည်သူ့ အကူအညီရယူနိုင်ပြီး တာဝန်ပေးအပ်ခံရသူသည် ကန့်သတ်သည့် ဧရိယာအတွင်း ရဲတစ်ဦးကဲ့သို့ ဖမ်းဆီး၊ ချုပ်နှောင်ခွင့်ရှိသည်။
ယင်းအပြင် အုံကြွမှုကို ထိန်းသိမ်းနိုင်ရေးအတွက် ညှိုနှိုင်းမှုပြုလုပ်မည့် ရဲတပ်ဖွဲ့ဝင်များကိုပင် အရပ်ဝတ် အသွင်ဖြင့် ထည့်သွင်းထားနိုင်သည်ဟုလည်း ပါရှိသည်။