တရားသူကြီးနှင့် တရားရုံးဝန်ထမ်းများ ပထမဆုံး ကန့်ကွက်ဆန္ဒပြခံရ

တရားသူကြီးနှင့် တရားရုံးဝန်ထမ်းများ ပထမဆုံး ကန့်ကွက်ဆန္ဒပြခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင်  တရားသူကြီးနှင့် ဥပဒေဝန်ထမ်းများ အကျင့်ပျက်ခြစား၍ တရား မမျှတသော တရားစီရင်မှုများ ချမှတ်နေသည့်အတွက် ဒေသခံများက ကန့်ကွက်ဆန္ဒပြပွဲ တစ်ခု မတ်လ ၃ ရက်နေ့က ပေါ်ပေါက်ခဲ့သည်။

ဆန္ဒပြပွဲကို ဦးဆောင်သူ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာနေ ဦးဝေသောင်းမှ ”တောင်ကုတ်မြို့နယ်မှာ တရားစီရင်ရေး မဏ္ဍိုင်ဟာ ယိုင်နှဲ့နေပြီး အမှားအယွင်းတွေ လုပ်နေတာကို ပြည်သူတွေဆီက ကြားနေရတာ ကြာပါပြီ။ ကိုယ်တိုင်လည်းကြံုခဲ့ရတယ်။ တရားခံဟာ ပြစ်မှုထင်ရှားပြီး အထောက်အထား ခိုင်လုံပါလျက်နဲ့ မတရားသဖြင့် ဘက်လိုက်ဆုံးဖြတ်ပြီး ပုဒ်မကို လျော့လို့ ဒဏ်ငွေ နှစ်သောင်းနဲ့ ပြီးခဲ့တဲ့ အမှုတွေရှိတယ်။ ဆားပြင်ရွာ တစ်ရွာလုံးက မျက်မြင်သက်သေ ခိုင်ခိုင်မာမာ ထွက်ဆိုချက် ပေးပါလျက်နဲ့ တရားခံကို လွှတ်ပေးခဲ့တယ်” ဟု တရားရုံးမြို့နယ် တရားရုံးနှင့် ပတ်သက်ပြီး ပြောဆိုသည်။

protest-on-court

ဆန္ဒပြရခြင်းမှာ အနိုင်ယူလိုသည့် ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ တရားရုံးတွင် ကျင့်သုံးနေသော အစဉ်အလာ၊ စနစ်ဆိုးကြီး ပျောက်ပျက်သွားစေလို၍ ဖြစ်ကြောင်း သူက ပြောဆိုသည်။

“အနိုင်လိုချင်လို့ မဟုတ်ဘူး။ အနိုင်ရယူလိုခြင်းထက် တရားမျှတမှုကို ပိုလိုလားတယ်။ အခုက မတရား ဆုံးဖြတ်တာပဲ။ ချို့တဲ့နွမ်းပါးသူတွေ မသိနားမလည်သူတွေဆိုရင် ပိုဆိုးတာပေါ့။ ဒါကြောင့် မတရားလုပ်တဲ့ အစဉ်အလာဆိုးကြီး ပပျောက်အောင် ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒဖော်ထုတ်ရတာပါ” ဟု သူက ဆက်လက် ပြောဆိုသည်။

ဆန္ဒပြပါက နေပြည်တော် အထက်လူကြီးထိ သူတို့ မတရားလုပ်ရပ်ကို သိရှိသွားမည် ဖြစ်သဖြင့် ဆန္ဒပြပွဲ မလုပ်ဖြစ်အောင် တရားရုံးမှ လာရောက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။  သို့သော်လည်း ဆန္ဒပြသူများက နောက်မဆုတ်ပဲ သူတို့သဘောထားကို ဆန္ဒပြဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

ယခုကဲ့သို့ တရားသူကြီးနှင့် တရားရေး ၀န်ထမ်းများအား ကန့်ကွက်ဆန္ဒပြခြင်းသည် ရခိုင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု ရခိုင်လူမှုကွန်ရက် (တောင်ကုတ်)မှ ကိုဇေယျကျော်က ပြောသည်။

ယခု ဆန္ဒပြပွဲအတွက် ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့် ခွင့်ပြုချက်တောင်းခံရာတွင် တောင်ကုတ်မြို့နယ်မှူးရုံး မှ ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် ခွင်ြ့ပုပေးခဲ့သော်လည်း မမျှတတဲ့ တရားသူကြီး(အလိုမရှိ)၊ ဖောက်ပြန်သော ဥပဒေဝန်ထမ်း (အလိုမရှိ) စသည့် ကြွေးကြော်သံများကိုမူ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ခွင့်ပြုချက်မပေးဘဲ ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း ဆန္ဒပြသူများသည် တရားဥပဒေစိုးမိုးရေး (ဒို့အရေး)၊ မတရားသော ဆုံးဖြတ်ချက် (အလိုမရှိ)၊ ဥပဒေကို မမျှမတစီရင်မှု (အလိုမရှိ)ဟု ကြွေးကြော်ဆန္ဒပြခဲ့ကြပြီး   ဥပဒေတွင် ဆွေမျိုးမရှိ၊ ဥပဒေကိုလေးစား ပါ၊ တရားဥပဒေ စိုးမိုးရေး (ဒို့အရေး)၊  တည်ငြိမ်မှုကို လိုလားပါက မျှတစွာ စီရင်ပေးပါ၊  မျက်နှာကြီးရာ ဟင်းဖတ်မပါနဲ့၊  ဥပဒေ အထက်တွင်မည်သူမှ မရှိ ဟူသော ပိုစတာများကို ကိုယ်စီကိုင်ဆောင်ကာ သူတို့လိုလားချက်များကိုတောင်းဆိုခဲ့ကြ သည်။

ဆန္ဒပြပွဲသို့ လူပေါင်း ၆၀ခန့် ပူးပေါင်းပါ၀င်ခဲ့ပြီး နေ့လယ် ၁၂ နာရီ်တွင် စတင်ကာ ညနေ ၂ နာရီတွင် ပြီးဆုံးခဲ့သည်ဟု သိရသည်။

Most read this week