တိမ်မြုပ်လု ဟွာလ်ငိုချင်းမျိုးနွယ် “KUTPUI” ပွဲတော် ကလေးမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပ

တိမ်မြုပ်လု ဟွာလ်ငိုချင်းမျိုးနွယ် “KUTPUI” ပွဲတော် ကလေးမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပ
by -
ခိုနူမ်းထုန်

ချင်းမျိုးနွယ်စုတစ်ခုဖြစ်သော ဟွာလ်ငို မျိုးနွယ်၏ သမိုင်းအမွေအနှစ် “KUTPUI” ပွဲတော်ကို မတ်လ ၄ ရက်နေ့က စတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ စတောမ် အားကစားကွင်းတွင်ဗဟိုဟွာလ်ငိုစာပေနှင့် ယဉ်ကျေးမှုအသင်း (Hualngo Literature and Cultural Association) မှ ကြီးမှူး၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ဟွာလ်ငို ချင်းမျိုးနွယ်၏ သမိုင်းဆိုင်ရာ ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများ တိမ်ကောပပျောက်မှု မရှိစေရေးနှင့် ထိန်းသိမ်း ကာကွယ်မြှင့်တင်သည့် အနေဖြင့် နှစ်ရှည်လများ ကျင်းပနိုင်ခြင်းမရှိခဲ့သော ဟွာလ်ငို မျိုးနွယ်စု ရိုးရာယဉ်ကျေးမှု ’’KUTPUI’’ ပွဲတော်ကို ပြန်လည်ကျင်းပခဲ့ကြခြင်းဖြစ်သည်ဟု ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးဟွာလ်ဟိုထန်းငါက ပြောသည်။

Khonumthung060301

“ယခု ဟွာလ်ငိုပွဲတော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းပင် ချင်းပြည်နယ် Seipui နဲ့ အနီးတစ်ဝိုက်ဒေသမှာ ပြုလုပ်ခဲ့ဖူးတဲ့ သမိုင်းဝင်ပွဲတော်တစ်ခုဖြစ်ပါတယ်၊ နှစ်ပေါင်းများစွာ ကျင်းပနိုင်ခြင်းမရှိခဲ့ကြဘူး၊ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ပထမဆုံးအကြိမ် KUTPUI ပွဲတော်ကို စတော့မ်အားကစားကွင်းမှာ ပြန်လည် စတင်ကျင်းပနိုင်ခဲ့တယ်၊ ခုဒီနှစ်နဲ့ဆိုရင် ဒုတိယအကြိမ်မြောက် ပြန်လည်ကျင်းပခြင်းပဲဖြစ်ပါတယ်”ဟု သူကပြောသည်။

ဟွာလ်ငိုစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ကော်မတီဝင်တစ်ဦးကလည်း ဟွာလ်ငိုမျိုးနွယ်စု၏ သမိုင်းအမွအနှစ် တိမ်မြုပ်ပျောက်ကွယ်မှုမရှိစေရေးအတွက် ၄င်းတို့၏ ဘာသာစကား၊ စာပေ၊ အနုပညာစသည့် ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ ပြန်လည်ဖော်ထုတ်ကာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန်အတွက် အဓိကရည်ရွယ် ကျင်းပရခြင်းဖြစ်သည်ဟု ထပ်လောင်း ပြောကြားသည်။

ချင်းတိုင်းရင်းသားမျိုးနွယ်စု သမိုင်းဖြစ်စဉ်လေ့လာသူများ၏ လေ့လာသုံးသပ်ချက်များအရ ဟွာလ်ငိုယဉ်ကျေးမှု ပွဲတော်သည် ခရစ်သက္ကရာဇ် ၁၃၅၀ခုနှစ် ၀န်းကျင်ကတည်းက စတင်ကာ ၁၉၈၂ခုနှစ်အထိ ချင်းတောင်ဒေသများတွင် အကြိမ်ပေါင်းများစွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

၁၃၅၀ ခုနှစ်မှ အစပြု၍ စတင်ကျင်းပလာခဲ့သော အဆိုပါပွဲတော်သည် ယခုနှစ်ဆိုလျှင် (၆၆၅)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သော် လည်း နှစ်ပေါင်း (၃၀)အတွင်း ကျင်းပနိုင်ခြင်း မရှိခဲ့ရာမှ ယနေ့အသစ်တဖန် ပြန်လည်ကျင်းပလာကြခြင်းလည်း ဖြစ်သည်။

Khonumthung060302

ထို့အပြင် အခြားလူမျိုးနွယ်စုအပါအဝင် ဟွာလ်ငိုလူမျိုး တစ်မျိုးနှင့်တစ်မျိုးအကြား စိတ်ကွဲခြင်းမှုများ မရှိစေဘဲ နိုင်ငံတော်ဒီမိုကရေစီခေတ်ဦးနှင့်အတူ ချစ်ကြည်ရင်းနှီးမှုများဖြင့် ပြန်လည်ပေါင်းစည်းကာ မကြာသေးမီက အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ လက်တွဲညီညီ ရရှိခံစားနိုင်ရေးကိုလည်း ဦးတည်ထားသည်ဟု သိရသည်။

ယခု ၂၀၁၅ခုနှစ် ဟွာလ်ငိုပွဲတော်(KUTPUI)တွင် အခြားချင်းမျိုးနွယ်စုများအပါအဝင် လူမျိုးအချင်းချင်း ရိုးရာ အဆို၊ အက နှင့် ယဉ်ကျေးမှုများ အပြန်အလှန်ပြသ ဖလှယ်သည့်အစီအစဉ်များအပြင် အားကစားပြိုင်ပွဲနှင့် အနုပညာရှင်များမှ ဖျော်ဖြေရေး အစီအစဉ်များကိုလည်း ပါ၀င်မည် ဖြစ်သည်။

ပွဲတော်အခမ်းအနားတွင် ကလေးမြို့နယ် ဒုရဲအုပ်၊ ကလေးဒေသမှ ခရိုင်/မြို့နယ်အဆင့် အစိုးရဌာနဆိုင်ရာများ၊ ချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီ စသည့် ချင်းပြည်နယ်နှင့် ဒေသအသီးသီးရှိ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများလည်း တက်ရောက်ကြသည်ဟု သိရသည်။