အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးစားနေသည့် သပိတ်မှောက်ကျောင်းသားများကို အစိုးရက တားဆီးပိတ်ပင်ခြင်း မရှိတော့မှသာ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးကြားနာမည့် အစီအစဉ်ကို ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)က တက်ရောက်မည် ဖြစ်သည်ဟု NNER အဖွဲ့ဝင်များက မဇ္စျိမကို ပြောကြားသည်။
NNER အနေဖြင့် လက်ရှိရှုပ်ထွေးနေသော အကျပ်အတည်းများကြောင့် မတ်လ ရရက်တွင် ပြုလုပ်မည့် အမျိုးသားလွှတ်တော် ကြားနာပွဲသို့ တက်ရောက်မည့် အစီအစဉ်အား ရွှေ့ဆိုင်းသည်ဟု မတ်လ ၄ရက် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
NNER ကိုယ်စားလှယ် ဒေါက်တာ သိန်းလွင်က “ကျောင်းသားတွေကို ပိတ်ဆို့ထားတာမဟုတ်ဘဲနဲ့ ကျောင်းသား ကိုယ်စားလှယ်တွေ လွှတ်တော်ကြားနာခွင့်ကို အားလုံးစုံညီတက်ရောက်နိုင်တဲ့ အချိန်မှာ NNER က လွှတ်တော်ကြားနာပွဲကို တက်ပါ့မယ်။ သူတို့ကို တားဆီးထားတာမျိုး၊ ခြိမ်းခြောက်တာ မရှိတဲ့ အခြေအနေကို ဆိုလိုတာပါ” ဟု ပြောသည်။
ကျောင်းသားများကို တားဆီးပိတ်ပင်ခြင်း မပြုရန် မတ်လ ၃ရက်ညက ရန်ကုန်တိုင်း နယ်လုံဝန်ကြီးနှင့် တွေ့ဆုံကာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည့် ကျောင်းသားများ၏ မူလရည်ရွယ်ချက်အတိုင်း ရန်ကုန်သို့ သွားခွင့်ပြုရန်နှင့် ကျောင်းသားသပိတ်စစ်ကြောင်း(ပင်မ)သည် အန္တရာယ်မရှိကြောင်း ဆွေးနွေးခဲ့သော်လည်း ယနေ့တိုင် ကျောင်းသားများ ပိတ်ပင်ထားဆီးခြင်း ခံနေရဆဲဖြစ်သည်ဟု ဒေါက်တာ သိန်းလွင်က ဆိုသည်။
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) အဖွဲ့ဝင် ဒေါက်တာ အာကာမိုးသူက NNER က လွှတ်တော်ကြားနာမှုကို တက်ရောက်ခြင်း မတက်ရောက်ခြင်းသည် ကျောင်းသားများ၏ အခြေအနေပေါ် မူတည်သည်ဟု ပြော သည်။
NNER ၏ လွှတ်တော်တွင် ကြားနာမည့်အစီအစဉ်သို့ တက်ရောက်ရန် ရွှေ့ဆိုင်းလိုက်ခြင်းသည် ဥပဒေပြင်ဆင်ရေးလုပ်ငန်း စဉ်ကို ကောင်းစွာ ဆောင်ရွက်နေသည့် ဥပဒေပြုလွှတ်တော်၏ အခန်းကဏ္ဍကို မျက်ကွယ် ပြုလိုက်ခြင်းဖြစ်ပြီး ဘယ်သူမှ အကျိုးဖြစ်ထွန်းမှု မရှိတဲ့ လမ်းကြောင်းကို ရွေးချယ်လိုက်တာလို့ ဆိုနိုင်ပါသည်ဟု သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် တုံ့ပြန်ရေးသားခဲ့သည်။
"ဒါဟာ NNER အနေနဲ့ ကျောင်းသားအစစ်တွေကို ဓားစာခံပြပြီး လွှတ်တော်ကို Challenge လုပ် (စိန်ခေါ်) လိုက်တဲ့ သဘော ဖြစ်ပါတယ်။ ဒီမိုကရေစီပညာရေးကို ဒီမိုကရေစီနည်းနဲ့ ပြင်ဆင်ရမယ့်အစား တော်လှန်ရေးနဲ့ ပြင်ချင်တဲ့သဘောပါပဲ" ဟု ဦးဇော်ဌေးက ရေးသားဖော်ပြ ထားသည်။
ဦးဇော်ဌေး၏ ရေးသားချက်ကို မည်သည့်မှတ်ချက် တစ်စုံတစ်ရာမှ မပေးလိုဟု NNER ကိုယ်စားလှယ် ဒေါက်တာ သိန်းလွင် က ပြောကြားခဲ့သည်။
လက်ရှိတွင် ကျောင်းသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အစိုးရက မည့်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်နှင့် ပတ်သက်၍ စိုးရိမ်မကင်း ဖြစ်မိကြောင်းနှင့် ငြိမ်းချမ်းစွာ သပိတ်မှောက် ဆန္ဒပြနေကြသော ကျောင်းသား ကျောင်းသူများနှင့် ထောက်ခံ အားပေးကူညီသူများအား ဖိအားပေးခြင်း၊ တားဆီးပိတ်ဆို့ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ဖြိုခွင်းခြင်း၊ အရေးယူခြင်းများ မပြုလုပ်ရန်လည်း NNER က တိုက်တွန်းခဲ့သည်။