ကချင် အသင်းတော်များ တနိုင်းမြို့ရှိ ဘိန်းခင်း ဧက ၂ ထောင်ကျော် ဖျက်ဆီး

ကချင် အသင်းတော်များ တနိုင်းမြို့ရှိ ဘိန်းခင်း ဧက ၂ ထောင်ကျော် ဖျက်ဆီး
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့ရှိ ခရစ်ယာန်လူထု မူးယစ်တိုက်ဖျက်ရေးအဖွဲ့နှင့် မြစ်ကြီးနားမြို့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ ဦးဆောင်ပြီး မူးယစ်ဆေးဝါးများ ပေါများရာ ဟူးကောင်းချိုင့်ဝှမ်း ဒေသရှိ ဘိန်းခင်းဧကပေါင်း ၂၂၃၆ကို ရက်ပေါင်း ၁၉ရက်အတွင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ဖျက်ဆီးခဲ့သောနေရာများသည် တနိုင်းမြို့အနောက်ဘက် မိုင် ၂၀ကျော်ရှိ တဝမ် (Tawang)၊ အနောက်တောင် တရုန် (Tarung)နှင့် တနိုင်းမြစ်ဖျားတစ်လျှောက် ဂန်ဒေါင်ယန် (Gangdau Yang)ရှိ ဘိန်းခင်းများ ဖြစ်ကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင်ပါဝင်သူ ဦးတန်လွမ်လရိန် ပြောသည်။

church-anti-drug-campaign-in-Hugawng-Valley

ထိုသို့ဘိန်းခင်းများအား ဖျက်ဆီးရန် ဘိန်းဖျက်ဆီးရေးအဖွဲ့မှလာရောက်ချိန်တွင် ဘိန်းခင်းပိုင်ရှင်တို့ကြား အခက်ခဲများနှင့် ခြိမ်းခြောက်မှုများလည်း ရင်ဆိုင်ခဲ့ရကြောင်း ၎င်းက ပြောသည်။

“ဆန့်ကျင်တဲ့သူတွေက အများကြီးပဲ Tarung မှာက ရခိုင် ၁၀ယောက်ကျော်က လက်နက်နဲ့ သတ္တိရှိတဲ့ လူလာခဲ့ ပစ်သတ်လိုက်မယ်ဆိုပြီး ကျနော်တို့လာနေတဲ့ လမ်းတွေမှာ စာတွေရေးထားတာ တချို့က ကျနော်တို့ကိုပစ်ဖို့ ချိန်နေတဲ့ကြားက ဘုရားကျေးဇူးတော်ကြောင့် ကျနော်တို့ရောက်လာရင် ပြန်ထွက်ပြေးသွားကြတယ်”

ကချင်ပြည်နယ် ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံဖြစ်သော မြစ်ကြီးနားဒေသ၊ ဝိုင်းမော်ဒေသ၊ မိုးကောင်းဒေသ၊ ဖားကန့်ဒေသ၊ တနိုင်း ဟူးကောင်းချိုင့်ဝှမ်းဒေသမှ စုပေါင်းကာ မူးယစ်တိုက်ဖျက်ရေးလူဦးရေ ၅၀၀ကျော် အဖွဲ့ ၃ဖွဲ့ခွဲကာ တိုက်ဖျက်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းအဖွဲ့မှ သိရသည်။

ဖေဖော်ဝါရီလ ၁၂ရက်မှ မတ်လ ၂ရက်နေ့ထိ ဘိန်းခင်းများရှိရာသို့ချီတက်၍ ဖျက်ဆီးခဲ့ရာတွင် အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး ခရီးစဉ်အတွင်း လဝါး (Lawa)မှ ကချင်အမျိုးသမီး ၃ဦးလည်း ပြီးဆုံးသည်ထိ ပါဝင်ခဲ့ကြောင်း ဘိန်းခင်းတိုက်ဖျက်ရေး အဖွဲ့ဝင်များကပြောသည်။

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂ နှစ်ခန့်ထိ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ လွတ်လပ်စွာ ပြုလုပ်လာခဲ့ပြီး ဘိန်းစိုက်ပျိုးမှုများလည်းရှိနေခြင်းကြောင့် မူးယစ်ဆေးဝါးများကို လွယ်ကူစွာရရှိနိုင်ခဲ့သည်။ ထို့ကြောင့် ကချင်လူထုကြား လူငယ်လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု တိုးပွားလာကာ ရာဇဝတ်မှုများလည်း များပြားလာသောသဖြင့် ခရစ်ယာန်အသင်းတော်များဦးဆောင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ဖွဲ့စည်းကာ ပြီးခဲ့သည့်နှစ်မှစ၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကိုု ထိရောက်စွာအကောင်အထည်ဖော်လာနိုင်ခဲ့သည်။

Most read this week