မကွေးမြို့အဝင် ဒဟတ်ကန်ကျေးရွာတွင် တောင်သူလယ်သမားနေ့ အခမ်းအနားကို မြန်မာနိုင်ငံ အနှံ့မှ တောင်သူလယ်သမားတစ်သိန်းခန့် တက်ရောက်ဂုဏ်ပြုခဲ့သည်ဟု အဆိုပါ အခမ်းအနားကို ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပြန်ကြားရေးတာဝန်ခံ ဦးကျော်မင်းက မဇ္ဈိမကို ပြောသည်။
အခမ်းအနားကျင်းပခွင့်ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဖေဖော်ဝါရီလ ဒုတိယပတ်က တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ပြီး ဖေဖော်ဝါရီ ၂၇ရက်မှသာ မကွေးတိုင်းအစိုးရအဖွဲ့က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
"ခွင့်ပြုမိန့် ပြန်ရတယ်။ တိုင်းဒေသကြီး အစိုးရကလည်း လုံခြံုရေးအပြည့်အဝ ချပေးပါတယ်။ လူဦးရေ တစ်သိန်းနီးပါး တက်ရောက်ခဲ့တယ်"ဟု ၎င်းက ပြောသည်။
ထိုအခမ်းအနားသို့ တိုင်းရင်းသားညီနောင်ပါတီများ၊ ဂျပန်အစိုးရအဖွဲ့လွှတ်တော်အမတ်များနှင့် တောင်သူလယ် သမား ၁၀၀,၀၀၀ ခန့်တက်ရောက်ခဲ့သည်ဟု ဦးကျော်မင်းက ဆိုသည်။
တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဗဟို) အထွေထွေ အတွင်းရေးမှူး ဒေါ်ခင်သန်းဦးက “ကျွန်မတို့ဘက်က အရင်နှစ်တွေတုန်းကလည်း လုပ်ခဲ့တယ်။ အေးအေးချမ်းချမ်းနဲ့ ပြီးသွားတယ်။ အခုလည်း ခွင့်ပြုမိန့်မရပေမယ့် လုပ်မှာပါ" ဟု ပြောသည်။
၂၀၁၅ခုနှစ် မကွေးတိုင်းတွင်ကျင်းပသည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားသည် သုံးကြိမ်မြောက်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတွင် ကျင်းပခဲ့ပြီးဖြစ်သည်။