ပြည်နှင့် ပေါင်းတည်မှ ကျောင်းသားများ အယောက် ၃၀ခန့် သွားရောက်ပူးပေါင်း

ပြည်နှင့် ပေါင်းတည်မှ ကျောင်းသားများ အယောက် ၃၀ခန့် သွားရောက်ပူးပေါင်း
by -
မဇ္စျိမ

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးရန် သပိတ်မှောက်ကာ ရန်ကုန်သို့ ပြန်လည်ချီတက်ကြမည့် အမျိုးသားပညာရေး ဥပဒေသပိတ်မှောက် ပင်မစစ်ကြောင်းသို့ ပဲခူးတိုင်း ပြည်မြို့မှ ကျောင်းသား အယောက် ၃၀ခန့် မတ်လ ၂ရက် ညနေ ၃း၁၅ မိနစ်တွင် သွားရောက်ပူးပေါင်းသည်ဟု ထိုရောက်သို့ရောက်ရှိ သတင်း ယူနေသည့် မဇ္စျိမ သတင်းထောက်က သတင်းပေးပို့သည်။

လက်ပန်တန်းမြို့ အောင်မြေဗိမ္မာန် ကျောင်းတိုက်အတွင်း ရောက်ရှိနေသည့် သပိတ်မှောက် ပင်မစစ်ကြောင်းနှင့် သွားရောက်ပူးပေါင်းကြခြင်းဖြစ်သည်။ သွားရောက်ပူးပေါင်းရာတွင် အောင်မြေဗိမ္မာန် ကျောင်းတိုက်အနီး လုံခြံုရေး တာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များက တားမြစ်ခဲ့ကြသေးသည်။

မတ်လ ၂ရက် နံနက်စောစောတွင် ဆန္ဒပြမှုစတင် တာထွက်ရန် ပြင်ဆင်နေကြသည့် ကျောင်းသားများ မထွက်ခွာသေးဘဲ နယ်လုံဝန်ကြီး ဦးသက်ထွန်းနှင့် နေ့လည်ပိုင်းက ဆွေးနွေးခဲ့ကြသော်လည်း ဆက်လက် ထွက်ခွာ ဆန္ဒပြရန် ခွင့်ပြုချက်မရဘဲဖြစ်နေပြီး အောင်မြေဗိမ္မာန် ကျောင်းတိုက်အတွင်းတွင်သာ ရှိနေသေးသည်။ အောင်မြေဗိမ္မာန် ကျောင်းတိုက်အနီးရှိ တန် ၁၅၀ ဆန်စက်တွင် ဆွေးနွေးနေ ကြခြင်းဖြစ်သည်။ ကျောင်းသားခေါင်းဆောင်များဖြစ်သည့် နန္ဒစစ်အောင်၊ ကိုမြတ်သူ၊ ရှိန်းရာဇာထွန်း၊ ကိုမင်းသွေးသစ်တို့ပါဝင်ခဲ့သည်။

လက်ရှိအခြေအနေတွင် အောင်မြေဗိမ္မာန် ကျောင်းတိုက်အနီး ရဲတပ်ဖွဲ့ဝင်တို့ လုံခြံုရေးယူထားသည်ကို တွေ့ရ သည်ဟု မဇ္စျိမသတင်းထောက်က ပေးပို့သည်။

ဆန္ဒုပြကျောင်းသားများသည် အောင်မြေဗိမ္မာန် ကျောင်းဝင်းအတွင်း ဆန္ဒပြမှုစတင်နေခြင်းဖြစ်သည်။ ဆန္ဒပြ ကျောင်းသားများကို ပညာရေးဝန်ကြီးဌာနက ဆန္ဒပြမှု ရပ်ဆိုင်းထားရန် ဖေဖေါ်ဝါရီလ အတွင်း လေးကြိမ်သတိပေးထားသည်။ အလားတူ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ဆန္ဒပြမှု ရပ်ဆိုင်းရန် ဖေဖေါ်ဝါရီလ ၂၈ ရက်က သတိပေးလိုက်ပြီး ဆက်လက်လုပ်ဆောင်ပါက အရေးယူမည်ဟု ထုတ်ပြန်ထားသည်။