ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေသည့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့် တရုတ် အောက်ခြေအဆင့်ဌာန အဖွဲ့အစည်းကြား ဆက်ဆံမှုရှိသည် ဆိုသည်မှာ ဖြစ်ရပ်မှန် မဟုတ်သည့်အပြင် တရုတ်နိုင်ငံ၏ မူဝါဒနှင့်လည်း မကိုက်ညီဟု နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှဦးစီးဌာနညွှန်ကြားရေးမှူးချုပ် Mr. Kong Xuanyou က စင်ဟွာသတင်းဌာနကို ဖြေကြားထားသည်။
တရုတ်နိုင်ငံသည် အခြားနိုင်ငံ၏ ပြည်တွင်းအရေးကို မစွက်ဖက်သည့်မူဝါဒကို လိုက်နာကာ မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မဆို တရုတ်မြေဖြင့် တရုတ်မြန်မာဆက်ဆံရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေး ထိခိုက်အောင် ဆောင်ရွက်ရန် လုံးဝခွင့်မပြုဟု ၎င်းက ပြောသည်။
ယင်းအပြင် တရုတ်-မြန်မာဆက်ဆံရေးနှင့် နယ်နိမိတ်တည်ငြိမ်ရေးကို အနှောင့်အယှက်ပေးမည့် မည်သည့် လှုပ်ရှားမှုကိုမဆို တရုတ်က ခွင့်ပြုမည်မဟုတ်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ Mr.Hong Lei ၏ ပြောကြားချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
တပ်မတော် စစ်ဘက်ရေးရာလုံခြံုရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးကမူ ယင်းကိစ္စနှင့် ပတ်သက်၍ ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ တရုတ်နိုင်ငံသား ရှစ်ဦးကို ဖမ်းဆီးရရှိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်များ အရ လောက်ကိုင်တိုက်ပွဲတွင် တရုတ်ကြေးစားများပါ၀င်သည်ဟု ဖေဖော်ဝါရီလ ၂၁ရက်က နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ တည်ငြိမ်မှုသည် တရုတ်မြန်မာ နယ်စပ်ဒေသ တည်ငြိမ်မှုနှင့် တိုးတက်ရေးကို တိုက်ရိုက် သက်ဆိုင်သည့်အတွက် မြန်မာဘက်က ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးမှုဖြင့် တစ်နိုင်ငံလုံးအပစ် ရပ်စဲရေး အမြန်ဆုံးရရှိပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် အခြေခံ ဖန်တီးနိုင်ရန် တရုတ်ဘက်က မျှော်လင့်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Kong Xuanyouက စင်ဟွာသတင်းဌာနကို ဖြေကြားထားသည်။
ကိုးကန့်ဒေသတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြား နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးချက်နဲ့အညီ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီထားရှိပြီးဖြစ်ပြီး ကာလရှည်ကြာရှိခဲ့သည့် နှစ်နိုင်ငံ ဆက်ဆံရေး၊ တန်းတူရည်တူ အပြန်အလှန် လေးစားသမှုရှိရေးနှင့် တစ်နိုင်ငံ၏ နယ်မြေကို အသုံးချကာ အခြားတစ်နိုင်ငံ၏ အကျိုးစီးပွား ထိပါးစေမည့် အဖျက်အမှောင့် လုပ်ငန်းများကို နှစ်နိုင်ငံလုံးက ခွင့်ပြုမည်မဟုတ် ဟူသည့် နားလည်မှု နှစ်နိုင်ငံကြား ထားရှိပြီးဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၁ရက်က ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။