သမ္မတအိမ်တော်တွင် အမြဲတမ်းသတင်းရယူခွင့်ရှိမည့်သတင်းထောက် ထားရှိနိုင်ရန်အတွက် လျှောက်လွှာ တင်ထားသည့် သတင်းထောက်များကို လုံခြံုရေးအရ နောက်ကြောင်းစိစစ်မှုများပြုလုပ်နေပြီဖြစ်သည် ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမကို ပြောသည်။
ဦးရဲထွဋ်က “အခု အယောက် ငါးဆယ်ကျော်လျှောက်လွှာတင်ထားတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့ကို အဲ့ဒီစာရင်းပေးထားတယ်။ ဘာလို့လဲဆိုတော့ လုံခြံုရေးအရ နောက်ကြောင်း စိစစ်မှု လုပ်နေတဲ့အတွက်ကြောင့်ပါ။ အဆောက်အဦးအသင့်ဖြစ်နေပါပြီ။ ရဲတပ်ဖွဲ့က လုံခြံုရေးကင်းရှင်းကြောင်း မရသေးလို့ပါ”ဟု ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့၏ လုံခြံုရေး စစ်ဆေးမှုပြီးစီးပါက သမ္မတရုံး သတင်းယူခွင့်ကတ်ပြားများ ချက်ချင်း ထုတ်ပေးနိုင်ပြီဖြစ်သည်ဟု ၎င်းကပြောသည်။
သမ္မတအိမ်တော်တွင် အမြဲတမ်းသတင်းရယူခွင့်ရှိမည့် သတင်းထောက်သည် သမ္မတ၏လှုပ်ရှားမှုများ၊ အခမ်းအနားများကို သတင်းရယူနိုင်မည်ဖြစ်သည်။
သမ္မတ အိမ်တော်ထဲတွင် သင့်တော်သည့်နေရာ၌ သတင်းထောက်များ နေထိုင်ရန်စီစဉ်ပေးမည်ဖြစ်ပြီး အတွေ့အကြံု အလုံအလောက်ရှိကာ စာနယ်ဇင်းကျင့်ဝတ်နှင့်ညီသည့် သတင်းထောက်များကိုရွေး ချယ်မည့်အပြင် အမြဲတမ်း သတင်းရယူခွင့်ရှိမည့် သတင်းထောက်များရွေး ချယ်ခြင်းကို ပုံနှိပ်မီဒီယာ၊ သတင်းစာ၊ နိုင်ငံခြားသတင်းထောက်များ၊ ရုပ်မြင်သံကြားနှင့် FM အသံလွှင့်သတင်းဌာန ကဏ္ဍလေးခုခွဲခြားကာ ရွေးချယ်မည်ဖြစ်သည်။
သမ္မတအိမ်တော်တွင် သတင်းရယူခွင့်ရရှိသည့် သတင်းထောက်များသည် သတ်မှတ်သည့် သက်တမ်းကာလကို အပြည့်အဝတာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
အစိုးရအဖွဲ့က ဆောင်ရွက်မည့် သမ္မတအိမ်တော်တွင် သတင်းထောက်များအမြဲတမ်းထားရှိနိုင်ရေးနှင့်ပတ် သက်၍ ဆွေးနွေးပွဲကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီရုံးတွင် ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ ၁၆ရက်တွင် ပြုလုပ်ခဲ့ပြီး ၂၀၁၅ခုနှစ်၊ ဇန်နဝါရီ ၁ရက်တွင် လျှောက်လွှာများကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။