ရခိုင်ပြည်နယ် ရှေ့နေများကောင်စီ ဖွဲ့စည်း

ရခိုင်ပြည်နယ် ရှေ့နေများကောင်စီ ဖွဲ့စည်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် ရင်ဆိုင်နေရသောအခက်အခဲ ပြဿနာများကို အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဥပဒေနည်းလမ်းတကျ ဖြေရှင်းနိုင်ရန်အတွက် ရခိုင်ပြည်နယ် ရှေ့နေများကောင်စီကို ဖေဖော်ဝါရီ ၂၇ရက်မှ ၂၈ရက်နေ့ထိ ကျောက်ဖြူမြို့ မေဖုန်းမော် ဟိုတယ်တွင်  ပြုလုပ်ခဲ့သော အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ခရိုင်(၅)ခုမှ ရှေ့နေများ ပါ၀င်သော အလုပ်ရုံဆွေးနွေးပွဲ အပြီးတွင် ဖွဲ့စည်းလိုက်သည်။

(၂) ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်ကျင်းပသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်မြင့်က “အခု ကျောက်ဖြူမှာ အထူးစီးပွားရေးဇုန်လုပ်မယ့် နေရာမှာ နစ်နာမှုတွေ၊ မြေယာသိမ်းမှုတွေ ရှိနေတယ်။ နောင်လည်းရှိလာမယ်။ ဒါကို ပူးပေါင်းပြီး ဖြေရှင်းဖို့လိုတယ်။ ရခိုင်ပြည်နယ်အနှံ့မှာလည်း စီမံကိန်းတွေ အများအပြား ရှိနေပြီး အခက်အခဲပြဿနာတွေကို ဒီမှာရှိနေတဲ့ ရှေ့နေတွေနဲ့ စုပေါင်းပြီး နည်းလမ်းတကျ ဖြေရှင်းနိုင်ရန်အတွက် ရခိုင်ပြည်နယ်ရှေ့နေများကောင်စီကို ဖွဲ့စည်းရန်ရည်ရွယ်ရခြင်းဖြစ် တယ်” ဟု ပြောကြားသည်။

IMG 20150228 152552

ရခိုင်ပြည်နယ် ရှေ့နေများကောင်စီတွင် ကော်မတီ စုစုပေါင်း ၅၀ဦး ပါ၀င်မည် ဖြစ်ပြီး ယင်းအထဲမှ ရှေ့နေ ၃၁ ဦးကို  ဗဟိုကော်မတီ အဖြစ်လည်းကောင်း၊  ၁၉ ဦးကို ဗဟိုအလုပ်အမှုဆောင်အဖြစ်လည်းကောင်း တာဝန် ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဦးကျော်မြင့်က  “ စစ်အစိုးတက်လာပြီးနောက်ပိုင်း ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် အခြေခံဥပဒေကို ပြောင်းလဲဖို့ လိုတယ်။ ဗမာပြည်နည်းတူ ကျနော်တို့ ရခိုင်ပြည်နယ်မှာလည်း ပြဿနာတွေများ တယ်။ ပြဿနာတွေ အခက်အခဲတွေကို တစ်ယောက်ချင်း လိုက်ပြီးလုပ်နေရင် လူမျိုးတောင်ပျောက်သွားနိုင်တယ်။ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အခက်အခဲတွေကို စုပေါင်းပြီး ဖြေရှင်းနိုင်အောင် ရှေ့နေတွေနဲ့ လူမှုအဖွဲ့အစည်းတွေ ပေါင်းစည်း လုပ်ဆောင်ကြဖို့ လိုတယ်။  ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာတဲ့အခါမှာ  Bar Council တစ်ခု ရှိဖို့လိုတယ်” ဟု ဆိုသည်။

ယခု ကျောက်ဖြူတွင် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲကို လွတ်လပ်သော Bar Council တစ်ရပ် ပေါ်ပေါက်လာစေရန်၊ ရခိုင်ပြည်နယ် Bar Council Law ပေါ်ပေါက်လာစေရန်၊ လယ်ယာမြေပြဿနာများ၊ အလုပ်သမား ပြဿနာများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြသနာရပ်များ၊ သတ္တုတူးဖော်ထုတ်လုပ်ရေးဆိုင်ရာ ပြဿနာရပ်များအား ဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်ရန်နှင့် ဥပဒေပညာရှင်များနှင့်အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း၍ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အလုပ်ရုံးဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

တက်ရောက်ခဲ့ကြသည့် အရပ်ဘက်အဖွဲ့အစည်းများကလည်း လက်ရှိကြံုတွေ့နေရသော White Card ပြဿနာ၊ လယ်ယာမြေ၊ သယံဇာတ၊ အလုပ်သမား၊ စီမံကိန်း၊ သဘာဝပတ်ဝန်းကျင် စသည့် ပြဿနာများကို ဆွေးနွေးခဲ့ ကြသည်။

“လက်ရှိ နိုင်ငံသားစိစစ်နေတာနဲ့ပတ်သက်၍ မှန်မှန်ကန်ကန်ဖြစ်ရန်လိုအပ်တယ်။ နိုင်ငံသားဖြစ်သွားတဲ့ သူတွေကို ဘယ်လို ထားမလဲ၊ နိုင်ငံသား မဖြစ်သူကို ဘယ်လိုထားမလဲ ဆိုတာတွေကို တိတိကျကျ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ လိုပါတယ်။ ဥပဒေကို လိုက်နာဖို့ အဓိကကျပါတယ်”   ဟု အရပ်ဘက်အဖွဲ့အစည်းများမှ ၀ိုင်းဖွဲ့ဆွေးနွေးချက်ကို ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ကိုထွန်းကြည်က ပြောသည်။

ယင်းအပြင်ကျောက်ဖြူဒေသတွင် လယ်ယာမြေပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီးကြံုတွေ့နေရသော အခြေအနေများကို လည်း သူက ယခုလို ပြောသည်။

“ လယ်ယာမြေနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ် နေရာအနှံ့မှာ ပြဿနာပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါ တယ်။ ဒေသခံ ပိုင်ရှင်တွေမသိဘဲ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး မြေယာတွေကို ရယူထားတာလည်းရှိတယ်။ ခြံစည်းရိုး လာခတ်၊ ခြံရှင်း ဆိုင်းဘုတ်လာထောင်မှ သိကြရတယ်။ မြန်မာနိုင်ငံ အနှံ့အပြားမှာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇)  လုပ်လို့ပြီးနေပြီလို့ကြားတယ်။  ကျောက်ဖြူမြို့ နယ် တစ်ခုတည်းပဲ ကျန်နေတယ်လို့ သိရတယ်။ လယ်သမားတွေကို လက်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ထုတ်ပေးဖို့လိုပါတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်လည်း ဒေသ ဓလေ့ရိုးရာအရ ပိုင်ဆိုင်လာသော မြယာများကို ပိုင်ဆိုင်ခွင့်ရအောင် သေချာစွာလုပ်ဆောင်ပေးဖို့ လိုအပ်ကြောင်း၊  ရခိုင်ပြည်နယ်တွင်  စီမံကိန်း အများအပြား ရှိနေသော်လည်း ဒေသခံများ အလုပ်အကိုင်မရ ကြကြောင်း၊  ကျောက်ထုသော အလုပ်ကြမ်း လုပ်ငန်းများကိုတောင် ပြည်မက သူလူနှင့်သူ ခေါ်ယူ လုပ်ကိုင်နေကြကြောင်း၊ စီမံကိန်းများ ဖြစ်ပေါ်လာလျှင်  ဒေသခံများ အလုပ်အကိုင်ရရှိပြီး  ဖွံ့ဖြိုးတိုးတက်လာမည်ဟု အစိုးရ အာဏာပိုင်များက ပြောဆိုသော်လည်း  လက်တွေ့နှင့် အပြောမှာ တစ်ခြားစီ ဖြစ်နေကြောင်း၊ စီမံကိန်းလာလုပ်သော နိုင်ငံခြား ကုမ္ပဏီများကလည်း တာဝန်ယူမှု တာဝန်ခံမှုမရှိကြောင်း၊ ဂတ်စ်ပိုက်လိုင်း ကျောက်ဖြူ မလကျွန်းမှ ကုလာဘာတောင်ရွာထိ  ပိုက်လိုင်း ဖြတ်သန်းရာ လမ်းကြောင်း တစ်လျှောက် ဘေးဝဲယာတွင် လယ်ယာမြေများ ရွ့ံဖုံးလွှမ်းမှုကို ယခုထိနစ်နာကြေးမပေးသေးကြောင်း  သူက ပြောကြားသည်။

ရခိုင်ပြည်နယ်ရှေ့နေများကောင်စီ   ဥက္ကဌ အဖြစ် ရွေးချယ်ခံရသည့် စစ်တွေမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးဘကျော်က “ ဒီနေ့အချိန်မှာ အခက်အခဲပြဿနာအများအပြားကို ရခိုင်ပြည်နယ်မှာ ရင်ဆိုင်နေကြရပါ တယ်။ ရှေ့နေ ရှေ့ရပ်များကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စ၊ ဥပဒေပြုရေး၊ ပြည်သူတွေကို ဥပဒေအသိပညာပေးရေး၊ ရပိုင်ခွင့် အခွင့်အရေး ထိခိုက်နစ်နာမှုများကို အကြံပေးပြီး အရပ်ဘက်အဖွဲ့အ စည်းများနှင့် ကိုယ်တိုင် ပူးပေါင်းပါ၀င်လုပ်ဆောင်သွားပါမယ်။ အခက်အခဲပြသနာ စိန်ခေါ်မှုများ အကြပ်အတည်းများတစ်ပြိုင်တည်း လယ်သိမ်းမြေသိမ်းဖြစ်ပေါ်နေခြင်းဟာ ကိုယ့်ကံကြမ္မာကို ဖန်တီးပိုင်ခွင့်မရလို့ဖြစ်နေခြင်း ဖြစ်ပါတယ်။ ရခိုင်ပြည်သူများ နိုင်ငံခြားသို့သွားရောက် ပြောင်းရွေ့ခဲ့ရတဲ့ အတွက် ရခိုင်ပြည်နယ်မှာ လူနည်းလာတယ်။ ခုလို ဖြစ်လာတာဟာ ရခိုင်ပြည် အနာဂတ် စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်။ အနောက်တံခါးကို ဘယ်လောက်ပဲ နိုင်အောင်ကာကာ၊ အရှေ့တံခါးကို မကာကွယ်နိုင်ရင် အန္တရာယ်များတယ်။ ဒီအသင်းအဖွဲ့ ဖွဲ့စည်းပြီးနောက်မှာ တစ်မျိုးသားလုံးအရေးကိစ္စတွေကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ခိုင်မာစွာရပ်တည်ဆောင်ရွက်သွားမယ်” ဟု ပြောဆိုသည်။

ကျောက်ဖြူလူမှုကွန်ယက်မှ ဦးထွန်းလွင်က “မြေယာနဲ့ပတ်သက်ပြီး အခက်အခဲပြဿနာတွေကို အများကြီးရင် ဆိုင်နေရပါတယ်။ နောက်မှာလည်း အများကြီး အခက်အခဲပြသနာတွေနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။ ရှေ့နေရှေ့ ရပ်တွေအနေနဲ့ ကျနော်တို့နဲ့ တစ်ထပ်တည်း ရှိဖို့လိုပါတယ်။ စီမံကိန်းတွေလုပ်တဲ့အခါမှာ နိုင်ငံခြားကုမ္ပဏီတွေ လူ့အခွင့်အရေးချိုးဖောက်ရင် သက်ဆိုင်တဲ့ နိုင်ငံတွေမှာ တရားစွဲနိုင်တာကို ပထမဆုံးသိလိုက်ရပါတယ်။ ရခိုင်ပြည်ရှေ့နေများ ကောင်စီ ပေါ်လာပြီး နောက်မှာ နိုင်ငံခြားကုမ္ပဏီတွေ အခွင့်အရေးချိုးဖောက် ရင် ပြည်တွင်းမှာတောင် တရားစွဲ နိုင်ပါလိမ့်မယ်။ ရှေ့မှာ ဥပဒေကြောင်းအရ နည်းလမ်းကျကျ ကျနော်တို့ကို ဦးဆောင်ပြီး ရပ်တည်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်ရှေ့နေများကောင်စီ CEC ကို စစ်တွေခရိုင်က (၇)ဦး၊ ကျောက်ဖြူခရိုင်က(၃)ဦး၊ မောင်တော ခရိုင်က (၃)ဦး ၊ သံတွဲခရိုင်က (၃) ဦးနှင့် မြောက်ဦးခရိုင်က (၃)ဦး စုစုပေါင်း (၁၉)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး  ဥက္ကဌ (၁)ဦး ၊ ဒုဥက္ကဌ (၃)ဦး၊ အထွေထွေအတွင်းရေးမှူး(၁)ဦး၊ တွဲဖက်အတွင်းရေးမှူး(၃)ဦး၊ ဘဏ္ဍာရေးမှူး(၂)ဦး၊ စာရင်းစစ်(၃)ဦး၊ စာကြည့်တိုက်မှူး(၁)ဦး၊ အဖွဲ့ဝင်(၅)ဦး တို့ပါ၀င်မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှေ့နေများရုံးကို စစ်တွေတွင်ထားရှိမည်ဖြစ်ပြီး အခက်အခဲပြသနာများကို သက်ဆိုင်ရာ ခရိုင်ကိုယ်စားလှယ်များနှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဟု သိရပါသည်။

၎င်းအလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရှေ့နေများ စုစုပေါင်း(၆၉)ဦး တက်ရောက်ခဲ့ကြသည်။

Most read this week