စစ်တွေရှိ မီးလောင်ပြင် ကျူးကျော်နေထိုင်သူများအား ဖယ်ရှားရန် ပြည်နယ်အစိုးရ အမိန့်ထုတ်

စစ်တွေရှိ မီးလောင်ပြင် ကျူးကျော်နေထိုင်သူများအား ဖယ်ရှားရန် ပြည်နယ်အစိုးရ အမိန့်ထုတ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် မီးလောင်ကျွမ်းသွားသည့် ကွင်းပြင်များ အတွင်း ကျူးကျော်ဝင်ရောက်နေထိုင်သူများကို  ဖေဖော်ဝါရီ လ ၂၈ရက်နေ့ နောက်ဆုံး ထား၍ နေရာမှ ဖယ်ရှားပေးရန် ပြည်နယ်အစိုးရက အမိန့်ထုတ်ပြန်ထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ကျူးကျော်နေသူများထံမှ သိရသည်။

သတ်မှတ်ချိန်အတွင်းဖယ်ရှားမပေးပါက ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်အစိုးရက ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ပြည်နယ်ဝန်ကြီး ၃ပါးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သော ကျူးကျော်သူများအား ကွင်းဆင်းစိစစ်ရေးအဖွဲ့ကို အဖွဲ့ဝင်အင်အား ၂ဝဦးဖြင့် ဖွဲ့စည်းထားပြီး ဖြစ်သည်။

DSCN9375

“သတ်မှတ်ထားတဲ့ရက်ထက် လွန်သွားရင်တော့ ဥပဒေအတိုင်း ဆောင်ရွက်မယ်ဆိုပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်” ဟု အဆိုပါအဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးသာလူချေက ပြောသည်။

အစိုးရက ယခုနေရာမှ ဖယ်ရှားပေးရန် အမိန့်ထုတ်ပြန်ထားသည်မှာ မှန်ကန်သော်လည်း ယင်းသို့ ဖယ်ရှားပေးရပါက နောက်ထပ် နေစရာမရှိဟု ကျူးကျော်နေသူများက ဆိုသည်။

“ဒီနေရာကဖယ်ပေးရရင် တခြား ဘယ်နေရာမှာနေရမယ်ဆိုတာ မစဉ်းစားတတ်တော့ဘူး။ အိမ်ငှားနေဖို့ ကလည်း မတတ်နိုင်ဘူး”ဟု ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်းမှ ပြောင်းရွှေ့နေထိုင်နေသည့် အသက် ရ၈နှစ်အရွယ်ရှိ ဒေါ်မစိန်ဖြူက ပြောသည်။

အဆိုပါကျူးကျော်များမှာ ၂ဝ၁၂ခုနှစ်အတွင်းကဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် စစ်တွေမြို့ စက်ရုံစုရပ်ကွက်အတွင်းရှိ ယခင် နာဇီရွာစျေးမီးလောင်မြေနှင့် မင်းဂံရပ်ကွက်အတွင်း မီးလောင်ကျွမ်းသွားသည့် မြေတို့တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှ စတင်ဝင်ရောက်နေထိုင်လာခဲ့ခြင်းဖြစ်သည်။

ယင်းတို့မှာ စစ်တွေမြို့နယ်နှင့် အခြားမြို့နယ်များမှဒေသခံများဖြစ်ကြပြီး အမှန်တကယ် နေစရာမရှိသည့်အပြင် အလုပ်အကိုင်ရှားပါးပြီး ဘင်္ဂါလီများ၏ရန်ကိုကြောက်၍ ယခုကဲ့သို့လာနေရခြင်းဖြစ်သည်ဟု ကျူးကျော်နေသူများက ဆိုသည်။

“ဒီနေရာမှာမထားရင်လည်း နေရာလေးနည်းနည်းလောက်ပေးပါ။ ကျွန်မတို့ဘဝကတော့ ပေးစရာလည်း ငွေ မရှိ၊ ပြေးစရာလည်း မြေမရှိဖြစ်နေပြီ” ဟု စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာမှ လာရောက်နေထိုင်သည့် အသက် ၆၈နှစ်အရွယ် ဒေါ်မမြသိန်းက ပြောသည်။

ကျူးကျော်အိမ်များမှာ ယာယီတဲအိမ်များဆောက်လုပ်ထားခြင်းဖြစ်ပြီး တဲအိမ် ၈၀ကျော်ရှိသော်လည်း ယင်းအနက် လူမနေသည့် တဲများလည်းရှိနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုသည်။

အဆိုပါမီးလောင်နယ်မြေများကို ဥပဒေမဲ့ဝင်ရောက်နေထိုင်ခြင်းမပြုရဟု အစိုးရက တရားဝင်ကြေညာထား သည့်ကြားက ယခုကဲ့သို့ဝင်ရောက်နေထိုင်နေကြခြင်းလည်းဖြစ်သည်။

Most read this week