ရခိုင်တွင် ပါတီသစ်ပေါ်

ရခိုင်တွင် ပါတီသစ်ပေါ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်မှ ပါတီသစ် တစ်ခုသည် ရခိုင်မျိုးချစ်ပါတီ ( Arakan Patriotic Party –APP) အမည်ဖြင့် နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်တွင် ပါတီတည်ထောင်ခွင့် လျှောက်ထား လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“ဖေဖော်ဝါရီလ ၂၇ရက်နေ့က တင်လိုက်တာပါ။ လောလောဆယ်တော့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး မရွေးချယ်ရသေးဘူး။ ပါတီ ပေါ်လစ်ဗျူရို ၁၆ဦးနဲ့ ဦးဆောင်သွားမှာပါ” ဟု ပါတီတာဝန်ရှိသူ တစ်ဦးက နိရဥ္စရာကို အတည်ပြုပြောကြားသည်။

rakhine-map-new-390

ယင်းပါတီ အနေဖြင့် ပါတီတည်ထောင်ခွင့်ကျပြီးမှသာ ပါတီကို စနစ်တကျ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်းနောက်ပိုင်းမှ တရားဝင်ကြေငြာချက်များ ထုတ်ပြန်သွားမည်ဟု ဆိုသည်။

“လောလောဆယ်တော့ မီဒီယာတွေကို ထုတ်ဖော်ပြောဆိုဖို့ အဆင်သင့် မဖြစ်သေးဘူး။ တိုင်ပင်ညှိနှိုင်းတုန်းဘဲ ရှိပါသေးတယ်။ ပါတီကိုတော့ တည်ထောင်ခွင့်တင်ထားလိုက်ပြီဆိုတာတော့ ပြောနိုင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ယခု ပါတီသစ်တစ်ခု ပေါ်ပေါက်လာသည့်အပေါ် ကြိုဆိုကြောင်း သို့သော် အမျိုးသားစည်းလုံး ညီညွတ်ရေးအတွက် စိုးရိမ်မိကြောင်း ၎င်း၏ သဘောထားကို ထုတ်ဖော်ပြောဆိုသည်။

၎င်းက “ဒီမိုကရေစီရဲ့ သဘောတရားအရ ပါတီတစ်ခု နောက်ထပ်ပေါ်ပေါက်လာတဲ့အပေါ်မှာ ကြိုဆိုပါတယ်။ ဒါပေမယ့် ရခိုင်ပြည်သူ တစ်ရပ်လုံးက အမျိုးသား စည်းလုံးညီညွတ်ရေးကို လိုလားနေတဲ့အချိန်မှာ ပါတီငယ်လေးတွေ ပေါ်ပေါက်လာတဲ့အတွက် စည်းလုံးညီညွှတ်မှု အပိုင်းမှာ ထိခိုက်မှာကိုတော့ စိုးရိမ်မိပါတယ်” ဟု ပြောဆိုသည်။

Most read this week