ဒီမိုကရေစီလိုချင်လျှင် ဗိုလ်ချုပ်ကဲ့သို့ တာဝန်သိသူဖြစ်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ဒီမိုကရေစီလိုချင်လျှင် ဗိုလ်ချုပ်ကဲ့သို့ တာဝန်သိသူဖြစ်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
by -
မဇ္စျိမ

 မြန်မာပြည်သူများ လိုလားတောင်းတနေသည့် ဒီမိုကရေစီစနစ် ရလိုလျှင် ပြည်သူများအနေဖြင့် မိမိတာဝန် မိမိထမ်းဆောင်ရန် အဆင့်ဖြစ်နေဖို့ လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်းအတွင်း ဖေဖော်ဝါရီ ၂၈ရက်နှင့် မတ်လ ၁ရက်က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ် ၁၀၀ပြည့် ဂုဏ်ပြုပွဲ သွားရောက်စဉ် ဟင်္သာတမြို့၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ဒီမိုကရေစီလိုချင်ရင် တာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်ရမယ်။ ဖေဖေဟာ အင်မတန်တာဝန်သိခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

၎င်းက ဆက်လက်ပြီး "ပြည်သူတွေက တာဝန်သိသိ၊ တာဝန်ရှိရှိ လုပ်ဖို့လိုပါတယ်။ ကိုယ်က ဒီတိုင်းပြည် ကံကြမ္မာကို ဖန်တီးမယ်။ ပုံဖော်မယ်ဆိုရင် ကိုယ့်လုပ်ပုံ ကိုင်ပုံတွေမှန်မှ တိုင်းပြည်ကံကြမ္မာ လှမှာပါ။ ကိုယ်က မလုပ်သင့်တာတွေ လုပ်မယ်ဆိုရင် ကျွန်မတို့ တိုင်းပြည်ဟာ အင်မတန် အကျဉ်းတန်သွားမှာပါ"ဟု ပြောခဲ့သည်။

ယင်းအပြင် ခေါင်းဆောင်ကောင်း၏ အရည်အချင်းနှင့် ပတ်သက်၍လည်း ခေါင်းဆောင်ကောင်း သည် ပြည်သူ မနစ်နာရန် ဦးစွာ စဉ်းစားသင့်ပြီး ပြည်သူလူထုနှင့် ဆက်ဆံရာ၌ ဖြောင့်မတ်ရန် လိုအပ်သည်ဟု ပြောကြား လိုက်သည်။

"ခေါင်းဆောင်ကောင်းဆိုတာ ကိုယ့်ရဲ့နိုင်ငံ၊ ကိုယ့်ပြည်သူတွေ မနာအောင် ပထမဆုံး စဉ်းစားရတယ်။ ကိုယ်လုပ်ချင်တာကိုပဲ တဇွတ်ထိုး လုပ်တာ ခေါင်းဆောင်ကောင်း မပီသဘူး။ ကိုယ်လုပ်ချင်တာကိုပဲ ပထမစဉ်းစားလို့ မရဘူး။ တခါတလေကျရင် ပြည်သူအများစုလိုချင်တာ မှန်ချင်လည်း မှန်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေ တခါတလေ ဆုံးဖြတ်ချက် မှားရင်လည်းမှားမယ်။ ပြည်သူလူထုနဲ့ ဆက်ဆံတဲ့အခါမှာ ဖြောင့်မတ်ဖို့ အများကြီးလိုတယ်။ ဖေဖေဟာ လုပ်ချင်တဲ့အခါ ပြည်သူတွေကို ချပြတယ်။ ပြည်သူတွေကို အလေးထားတယ်။ ပြည်သူတွေကို အလေးထားတော့ ဘာကြောင့် လုပ်ရတယ်ဆိုတာကို သေသေချာချာ ရှင်းပြတယ်။ ပြည်သူ့ရဲ့ ထောက်ခံမှု၊ ပြည်သူ့ရဲ့ အင်အားကို ရယူနိုင်ခဲ့တယ်" ဟု မတ်လ ၁ရက်က မြန်အောင်မြို့တွင် လူထုအား ဟောပြောခဲ့သည်။

ပြည်သူများအနေဖြင့် ဖြောင့်မတ်သည့် နိုင်ငံရေးသမား၊ ဖြောင့်မတ်သည့် နိုင်ငံရေးပါတီကိုသာ အားပေးရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

၎င်းအနေဖြင့်  ပြည်သူ့လိုအပ်ချက်၊ ပြည်သူ့မျှော်လင့်ချက်များကို အတူတကွ ရင်ဆိုင်ဖြေရှင်းကာ ရှေ့ဆက် မည်ဟုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်၌ ဖေဖော်ဝါရီ ၂၈ရက်က ပြောကြားခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်သို့ ဖေဖော်ဝါရီ ၂၈ရက် မွန်းလွဲ ၁နာရီခန့်က ရောက် ရှိပြီး ရွှေမြန်မာတည်းခိုခန်းတွင် ခေတ္တနားကာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်၁၀၀ပြည့် ဂုဏ်ပြုပွဲတွင် ဟောပြောခဲ့သည်။  ထိုမှတစ်ဆင့် ဇလွန်မြို့၊ ဟင်္သာတမြို့များသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဟင်္သာတတွင် ညအိပ်နားခိုကာ မတ်လ ၁ရက်တွင် အင်္ဂပူ၊ ထူးကြီး၊ မြန်အောင်၊ ကြံခင်းမြို့များတွင် ဟောပြောခဲ့သည်။ ထိုမှတစ်ဆင့် ညနေပိုင်းတွင် ပဲခူးတိုင်း ပြည်မြို့သို့ သွားရောက် ဟောပြောခဲ့သည်။