မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေစဉ် ကာလတွင် စာကြည့်တိုက်များသည် ပါတီတစ်ခုခု နိုင်ငံရေး အဖွဲ့အစည်းများ၏ လွှမ်းမိုးမှုမရှိဘဲ လွတ်လပ်သော အဖွဲ့အစည်းဖြစ်မှသာ ပြည်သူများ၏ ယုံကြည်လေးစားမှုကို ရရှိမည်ဖြစ်သည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မူလက်မူ လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တွင် မတ် ၁ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် မြန်မာနိုင်င ံစာကြည့်တိုက်မှူးများ ညီလာခံ အဖွင့်အမှာစကားတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က “ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးလာတာနဲ့အညီ ကွဲပြားခြားနားတဲ့ အယူအဆတွေ နိုင်ငံရေးပါတီတွေလည်း အများအပြားပေါ်ပေါက်လာပါတယ်။ အဲ့လိုအချိန်မှာ စာကြည့်တိုက်တွေ စာကြည့်တိုက်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက သီးခြားလွတ်လပ်ပြီး ပြည်သူတွေ အသိပညာဗဟုသုတရရှိဖို့ ဆောင်ရွက်တဲ့ အဖွဲ့အစည်းဖြစ်သင့်ပါတယ်” ဟု ပြောသည်။
စာကြည့်တိုက်များသည် ပါတီတစ်ခုခု၏ တံဆိပ်ကပ်နှိပ်ခံရပါက ပြည်သူလူထု၏ ရေရှည်ယုံကြည် စိတ်ချမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ လျော့ကျနိုင်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းနေသည့် မြန်မာနိုင်ငံတွင် ပြည်သူများအတွက် မှန်ကန်သည့် သတင်းအချက်အလတ်ရရှိရန် စာကြည့်တိုက်များသည် အရေးပါသည်ဟု ဦးရဲထွဋ်ကဆိုသည်။
လူများသည် လွတ်လပ်စွာပြောဆိုခွင့်ရှိသော်လည်း စာကြည့်တိုက်မှူးသည် ပါတီတစ်ခုခု၏ ကိုယ်စားပြုနေပါက ၀ါဒဖြန့်ချိ၊ မဲဆွယ်စည်းရုံးခြင်းများကို စာကြည့်တိုက်တွင် မပြုလုပ်ရဟု မြန်မာနိုင်ငံစာကြည့်တိုက််များဖောင်ဒေး ရှင်း ဗဟိုအလုပ်အမှုဆောင် ဦးမောင်မောင်ဦးက မဇ္စျိမကိုပြောသည်။
ဦးမောင်မောင်ဦးက “ စာကြည့်တိုက်မှူးတွေ သူကြိုက်တဲ့ပါတီကို မဲပေးခွင့်ရှိတယ်။ မိသားစုတွေကိုလည်း အဲ့ဒီပါတီကို မဲထည့်ဖို့ ပြောလို့ရတယ်။ ဒါပေမယ့် စာကြည့်တိုက်ကိုလာတဲ့ သူတွေကို မဲမဆွယ်သင့်ဘူး။ မတိုက်တွန်းသင့်ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံစာကြည့်တိုက်အသင်း ဥက္ကဋ္ဌ ဦးသန်းအောင်က ကျောင်းအချို့တွင်ရှိပြီးသားဖြစ်သည့် စာကြည့်တိုက်များသည် တာဝန်ယူမည့် ဆရာ၊ဆရာမများ မရှိသည့်အတွက် အကျိုးမရှိဖြစ်နေသည် ဟု ပြောသည်။
ဒုတိယအကြိမ် မြန်မာနိုင်ငံစာကြည့်တိုက်မှူးများညီလာခံ မတ်လ ၁ရက်မှ ၂ရက်အထိ ကျင်းပမည်ဖြစ်ပြီး စာတမ်း ၄စောင် ဖတ်ကြားခြင်း၊ စာတမ်းအပေါ် အုပ်စုလိုက်ဆွေးနွေးခြင်း၊ ဆွေးနွေးချက်များကို ပြန်လည် သုံးသပ်ခြင်းတို့ပြုလုပ်မည်ဖြစ်သည်။