စစ်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)လောက်ကိုင်ဒေသမှ တက္ကသိုလ်ဝင်တန်း ကျောင်းသား ၈၅ဦးသည် အခြားဒေသတွင်ဖြေဆိုရန် စာရင်းပေးထားပြီးဖြစ်သည်ဟု မြန်မာနိုင်ငံစာစစ် ဦးစီးဌာန ဦးစီးအရာရှိတစ်ဦးက ပြောသည်။
စစ်ပွဲများကို တိမ်းရှောင်နေသည့် အခြေခံပညာကျောင်းသားများသည် မိမိရောက်ရှိရာ စစ်ဘေးရှောင်မြို့ မြို့နယ် ပညာရေး မှူးထံ ဆက်သွယ်၍ သက်ဆိုင်ရာ အတန်းတင် စာမေးပွဲများ ဝင်ရောက်ဖြေဆိုနိုင်ရန် အစိုးရက စီစဉ်ထားခြင်းဖြစ်သည်။
''လောက်ကိုင်ဒေသက ကလေးတွေလည်း စာမေးပွဲဖြေနိုင်မှာပါ။စာမေးပွဲအချိန်စာရင်းတွေလည်း သိပြီးသား ဆိုတော့လေ။ ဖြေဆိုခွင့် ကတ်ပြားတွေလည်း ထုတ်ပေးပြီး သွားပြီ''ဟု ၄င်းက ဆိုသည်။
လောက်ကိုင် စာစစ်ဌာနက တက္ကသိုလ်ဝင်တန်း စာမေးပွဲကို လားရှိုးမြို့နှင့် ကွမ်းလုံမြို့နယ်တွင် သွားရောက် ပြုလုပ်ပေးမည်ဖြစ်ပြီး လောက်ကိုင်စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုခွင့်တင်ထားသူ ဦးရေမှာ သိပ္ပံဘာသာရပ်အတွက် ၁၄ဦး၊ ဝိပ္ပံဘာသာရပ်အတွက် ၈၆ဦး၊ ဝိဇ္ဇာဘာသာရပ်အတွက် ၁၆ဦး စုစုပေါင်း ၁၁၆ ဦးအနက် ရောက်ရှိရာဒေသတွင် စာမေးပွဲဖြေဆိုခွင့်အတွက် ၈၅ဦးက စာရင်းပေးသွင်းထားသည်။
သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးကိုဆက်သွယ်၍ ကွမ်းလုံမြို့နယ်တွင်၂၈ဦး၊ လားရှိုးမြို့နယ်တွင် ၄၉ဦး၊ အခြားတိုင်းနှင့် ဒေသကြီးတွင် ခြောက်ဦးက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်ရန် စာရင်းပေးသွင်း ထားခြင်းဖြစ်ပြီး ၃၃ဦးမှာ စာရင်းပေးသွင်းခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာမြတ်စိုးအောင်က ''ကလေးတွေက စစ်ကာလအတွင်းကို ကြံုတွေခဲ့ရပေမယ့် စာမေးပွဲကို အဆင်ပြေပြေဖြေဆိုနိုင်အောင်တော့ စီစဉ်ပေးထားပါတယ်'' ဟု ဖြေကြားခဲ့ဖူးသည်။
အခြေခံကျောင်းသူကျောင်းသားများသည် သက်ဆိုင်ရာ အတန်းတင်စာမေးပွဲများကိုရောက်ရှိရာ ဒေသမြို့နယ် ပညာရေးမှူးထံ အကြောင်းကြား၍ နီးစပ်ရာကျောင်းများတွင် ဝင်ရောက်ဖြေဆိုနိုင်ရန် စီစဉ်ထားရှိပြီး စာမေးပွဲမဖြေ ဆိုဖြစ်သည့် သူငယ်တန်းမှ နဝမတန်းအထိ ကျောင်းသူကျောင်းသားများကို သင်္ကြန်ပွဲတော်အပြီးနှင့် လာမည့်စာသင်နှစ် အသစ် ပြန်လည်မစတင်မီကာလအတွင်း သီးခြားစာမေးပွဲ ကို လောက်ကိုင်ဒေသတွင် ပြန်လည်ကျင်းပပေးမည်ဖြစ်သည်။