လာမည့် နွေရာသီ ပထမပတ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် နေ့အပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက် (၃၈ ဒီဂရီစင်တီဂရိတ်)အထက်ကို ကျော်လွန်ကာ အပူရှိန်မြင့်တက်လာမည်ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းသည်လည်း သတ်မှတ်ချက်ထက် ကျော်လွန်ကာ အန္တရာယ်ရောက်ရှိနိုင်သည့် အဆင့်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က မဇ္ဈိမကို ပြောသည်။
"ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူနိုင်မှုက ခုနောက်ပိုင်း အိုဇုန်းလွှာက ပါးလားတော့ စုပ်ယူနိုင်မှု မရှိတော့ဘူး။ နေရောင်ခြည်ရဲ့ သတ်မှတ်ချက်က ၈ခု ၁၁ ထက် ကျော်နေတယ်။ လူတွေအတွက် အန္တရာယ်ရှိတယ်" ဟု ဦးထွန်းလွင်က ပြောသည်။
ခရမ်းလွန်ရောင်ခြည် လွန်ကဲအဆင့်ရှိသည့် ဒေသများမှာ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း နှင့် တနင်္သာရီတိုင်းတို့တွင် ခရမ်းလွန်ရောင်ခြည် သတ်မှတ် အညွှန်းကိန်း 11+အထိ ဆက်လက်ရောက်ရှိနိုင်သည်ဟု ဦးထွန်းလွင်က တွက်ချက်ထားသည်။
နေရောင်ခြည်တွင်ပါသည့် ခရမ်းလွန်ရောင်ခြည်ကို တားဆီးနိုင်သည့် UVb နှင့် UVc တို့ အိုဇုန်းလွှာ ပါးလွှာလာခြင်းကြောင့် ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူနိုင်စွမ်း မရှိတော့၍ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းကို ကျော်ကာ အန္တရာယ်ရှိသည့် အခြေအနေအထိ ရောက်နိုင်သည်ဟု ၎င်းက ရှင်းပြသည်။
ခရမ်းလွန်ရောင်ခြည် သတ်မှတ်ညွှန်းကိန်းထက် များသောကြောင့် ပြည်သူများအနေဖြင့် နံနက် ၁၁နာရီ မှ ၃နာရီ အတွင်း နေပူထဲသို့ သွားပါက ထီး၊ ဦးထုတ်စသည့် အကာအကွယ်ဖြင့် သွားလာသင့်သည်ဟု အကြံပြုထားသည်။
နေရောင်အောက်သို့ အကာအကွယ်မဲ့ သွားလာပါက အရေးပြား နေလောင်ခြင်း၊ မျက်စိထိခိုက်ခြင်းများ အပြင် အရေပြား ကင်ဆာဖြစ်နိုင်ခြင်း၊ DNA ပျက်ဆီးနိုင်ခြင်း၊ သားသမီးမရနိုင်ခြင်းတို့ ဖြစ်ပွားနိုင်သည်ဟုဆိုသည်။