ယခုအစိုးရ လက်ထက် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပေါ်ပေါက်လာရန် နည်းဥပဒေ အမြန်ဆုံးထွက်ရှိရန် လိုအပ်နေ

ယခုအစိုးရ လက်ထက် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပေါ်ပေါက်လာရန် နည်းဥပဒေ အမြန်ဆုံးထွက်ရှိရန် လိုအပ်နေ
by -
မဇ္စျိမ

လက်ရှိအစိုးရသက်တမ်းအတွင်း တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အကောင်အထည်ပေါ်လာရန် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ သတ်မှတ်ချိန်အတွင်း ထွက်ပေါ်လာရန် အရေးကြီးသည်ဟု ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေမှာ ဖေဖော်ဝါရီ ၂၄ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ထိုသို့ ဥပဒေပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် လက်ရှိအစိုးရသက်တမ်းအတွင်း အဆိုပါ ဥပဒေအရ ပေါ်ပေါက်လာမည့် ဝန်ကြီးဌာန ပေါ်ပေါက်လာရေး နှင့် ပြည်ထောင်စုဝန်ကြီးခန့် အပ် တာဝန်ပေးရန်မှာ နည်းဥပဒေ အမြန်ဆုံးထွက်ပေါ် လာရေးပေါ်တွင် မူတည်လျက်ရှိသည်။

padawn

''ဒီဥပဒေထုတ်ပြန်လိုက်တာကို ကြိုဆိုပါတယ်။ ဒီဥပဒေပြဋ္ဌာန်းပြီးရင် နည်းဥပဒေလည်း အမြန်ထွက်ဖို့ လိုပါတယ်။ ဒီနည်း ဥပဒေကို အချိန်နဲ့ တပြေးညီ အကောင်အထည်ဖော်ပေးဖို့လည်းလိုပါတယ်။ ဥပဒေ တစ်ခုကပြဋ္ဌာန်းပြီးရင် အဲဒီပြဋ္ဌာန်းထားတဲ့ နေ့ကစပြီးအသက်ဝင်သွားပြီ။ ဒီဥပဒေနဲ့အညီ ဆောင်ရွက်ဖို့က တာဝန်ရှိတဲ့သူတွေဆီမှာရှိတယ်'' ဟု ၎င်းက ပြောခဲ့သည်။

ထိုဥပဒေအရ ပေါ်ပေါက်လာမည့် ဝန်ကြီးဌာန ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စု ဝန်ကြီးတို့သည် တိုင်းရင်းသား လူမျိုးများ၏ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စီမံကိန်းကြီးများ၊ စီးပွားရေးလုပ်ငန်းများ၊ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲခြင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သကဲ့သို့ စီမံကိန်းအကြောင်းအရာများကို သက်ဆိုင်ရာဌာနေ တိုင်းရင်းသားလူမျိုးများကို ပြည့်စုံတိကျစွာ ကြိုတင်ချပြ အသိပေးညှိနှိုင်းဆောင်ရွက်ခြင်းများကိုလည်း ပြုလုပ်ရမည် ဖြစ်သည်။

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနမှာ တိုင်းရင်းသားလူမျိုးများရေးရာ ကိစ္စရပ်များကို အလေးထားဆောင်ရွက်နိုင်ရန် သမ္မတ၏ ခွင့်ပြုချက်နှင့် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းရမည် ဖြစ်သည်။

ဝန်ကြီးဌာနဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုဝန်ကြီး ခန့်အပ်ရာတွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ရေးရာ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များ ထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (က)ပါ အရည်အချင်း သတ်မှတ်ချက်နှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်ကို ရွေးချယ်၍ ယင်း၏နာမည်စာရင်း ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်ဖြစ်သည်။

ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် မရရှိပါက ယင်းပုဂ္ဂိုလ်အစား အမည်စာရင်း သစ်ကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့် ရှိသည်။ ပြည် ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသည့် ပုဂ္ဂိုလ်ကို ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်ရမည် ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော် သမ္မတကို တာဝန်ခံရမည်။ ထို ပြည်ထောင်စု ဝန်ကြီး၏ ရာထူးသက်တမ်းသည် နိုင်ငံတော် သမ္မတ၏ ရာထူးသက်တမ်း အတိုင်းပင် ဖြစ်သည်။

ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးတမ်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခြင်း၊ သမိုင်းနှင့် ရှေးဟောင်း အမွေအနှစ်တို့ကို စူးစမ်းရှာဖွေ ဖော်ထုတ်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး တို့အတွက် ဆောင်ရွက်ခြင်း၊ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီ ရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ဆောင်ရွက်ခြင်းတို့အပြင် အခြားသော လုပ်ဆောင်ချက်များစွာ ပါဝင် ကြောင်း ပြဋ္ဌာန်းထားသည်။

Most read this week