အချို့သော နိုင်ငံများတွင် အသက် ၁၈နှစ်ပြည့်ပြီးပါက မဖြစ်မနေ စစ်မှုထမ်းဆောင်ရ သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်အကောင်အထည်ဖော်ရန် စဉ်းစားသုံးသပ်နိုင်ရေးကို ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်ခိုင်ဖြိုး ပါတီအမတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမန်းကံညွန့်က ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းပြောကြားလိုက်သည်။
ဦးမန်းကံညွန့်က ''နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကို ကာကွယ်ဖို့ တာဝန်ရှိတဲ့အတိုင်း ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ဖို့ လိုနေပါပြီ'' ဟု ပြောသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၁၉၅၉ခုနှစ်တွင် သမ္မတ မန်းဝင်းမောင် လက်မှတ်ထိုး ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေသည် အရပ်ဘက် ဆရာဝန်များ စစ်မှုထမ်းခြင်းအတွက်သာ ကျင့်သုံးမှုကလွဲ၍ ကျန်ကိစ္စများအတွက် သုံးစွဲခြင်းမရှိဘဲ လက်ရှိခေတ်အခြေအနေနှင့် ကိုက်ညီအောင် ပြင်ဆင်ရန် လိုအပ်အချက်များရှိနေသည်ဟုလည်း ကိုယ်စားလှယ်က ပြောသည်။
၎င်းက ''ပြည်ပရန်နဲ့ကြံုလာမှ ပြည်သူတွေကို စစ်ထဲထည့်ပြီး နိုင်ငံတော် ကာကွယ်ရေးကို ဆောင်ရွက်မယ် ဆိုရင်တော့ အချိန်က အလွန်နောက်ကျသွားပါမယ်။ ဒါကြောင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်အကောင် အထည်ဖော်ထားရပါမယ်'' ဟု ဆိုသည်။
ကာကွယ်ရေး ဝန်ကြီးဌာန၏ မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၇) ပုဒ်မ- ၃၄ဝ တွင် ဖော်ပြထားသည့်အချက်တွင် အပိုဒ်ခွဲငယ် တစ်ခုအဖြစ် ထပ်မံဖြည့်စွက်ပေးရန် တိုက်တွန်းဆွေးနွေးခြင်း ဖြစ်သည်။
ယင်း ပုဒ်မ-၃၄ဝ တွင် ''တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီ၏ သဘောတူညီ ချက်ဖြင့် နိုင်ငံတော်လုံခြံုရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ် မဟာဗျူဟာကို စီမံဆောင်ရွက်ခွင့် ရှိသည်'' ဟု ဖော်ပြပါရှိသည်။
ထို့အပြင် တပ်မတော်တွင် တိုင်းရင်းသားအားလုံး အတူတာဝန်ထမ်းဆောင်ရင်းဖြင့် တိုင်းရင်းသားလူမျိုးများ၏ ဓလေ့များနှင့် ဘာသာပေါင်းစုံပါဝင်သည့်အတွက် သူ့ဘာသာရေး၊ ကိုယ့်ဘာသာရေးအကြောင်း နားလည်လေးစားလာမည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။
''နိုင်ငံတော်အတွက် အသက်စွန့်၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်၊ လူမှုဘဝအားလုံး စွန့်လွှတ်ပြီး ကာကွယ်ရေး တာဝန်ထမ်းဆောင်ရတဲ့ တာဝန်ကို နားလည်လာပါလိမ့်မယ်။ စာနာတတ်လာပါလိမ့်မယ်။ အဲ့ဒီ အခါမှာ ဖက်ဒရယ်ဆိုတဲ့ သဘောတရားတွေကို နားလည်လာလိမ့်မယ်လို့ ယူဆပါတယ်''ဟု ၎င်းက ပြောသည်။