ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ကွန်မြူနစ် ပညာရေးဝါဒကို ခြေကုပ်ယူဟု မှတ်ချက်ပေး

ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် ကွန်မြူနစ် ပညာရေးဝါဒကို ခြေကုပ်ယူဟု မှတ်ချက်ပေး
by -
မဇ္စျိမ

 လေးပွင့်ဆိုင် ရေးဆွဲခဲ့သည့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းသည် ဒီမိုကရေစီ အုပ်ချုပ်ရေးကို ထိပါးပြီး ကွန်မြူနစ်ပညာရေး ဝါဒကို ခြေကုပ်ယူသည်ဟု ပညာရေးဝန်ကြီးဌာနက အမျိုးသားလွှတ်တော်သို့ ဖေဖော်ဝါရီ နောက်ဆုံးအပတ်အတွင်း မှတ်ချက်ပြုထားသည်။

ပညာရေး ဝန်ကြီးဌာနသည် မူလပြဋ္ဌာန်းခဲ့သည့် ပညာရေး ဥပဒေကြမ်းနှင့် ပြင်ဆင်ထားသည့် ဥပဒေကြမ်းတို့ကို ယှဉ်တွဲကာ ပြင်ဆင်သည့် အချက်များအပေါ် ဝန်ကြီးဌာန၏ သုံးသပ်ချက်များ ရေးထားသည့် ၄၂မျက်နှာပါ အကြံပြုစာကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ယင်းမှတ်ချက်များအပြင် အနှစ်ချုပ်အားဖြင့် အချက် ၁ဝချက်ကို ဖော်ပြထားသည်။ ယင်းတို့မှာ (၁) မူလအမျိုးသား ပညာရေး ဥပဒေ၏ အနှစ်သာရကို ဖျက်ဆီးလိုက်သည်။ (၂) တည်ဆဲဥပဒေများကို ပယ်ဖျက်သည်။ မလိုက်နာသည့် ဥပဒေ ဖြစ်သည်။ (၃) အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို ဤဥပဒေကို အခြေပြုပြီး ဖျက်ဆီးသည်။ (၄) ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြိမ်ကြိမ် ကျော်လွှားချိုးဖောက်သည်။ (၅) လက်ရှိ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ထိပါး၍ ကွန်မြူနစ်ဝါဒ ပညာရေးကို ခြေကုတ်ယူသည်။ (၆) ၁၉၂ဝပြည့်နှစ် ကွန်မြူနစ် အခြေပြု ကျောင်းသားသမဂ္ဂများကို ကျောင်းများ၊ တက္ကသိုလ်များတွင် ပြန်လည်ရှင်သန်ရန် တရားဝင်ရပ်တည်နိုင်ရန် လက်ရှိကျောင်းသားများကို လွှမ်းမိုးနိုင်ရန်၊ (၇) ပညာအရည်အသွေးမြှင့်တင်မှုကို အလေးမထားပါ၊ (၈) ပညာရှင်ပြုစု ပျိုးထောင်မှု၊ ထူးချွန်သူအားပေးမှု၊ ဆောင်ရွက်မည့် အစီအစဉ်အားလုံးကို ပယ်ဖျက်ထားသည်။ (၉) အကယ်၍ ဤပြဋ္ဌာန်းချက်အတိုင်း အတည်ဖြစ်ပါက ပညာအရည်အသွေး ကျဆင်းခြင်း၊ ကျောင်းများ တက္ကသိုလ်များ စနစ်တကျ မရပ်တည်နိုင်ခြင်း၊ ဝန်ထမ်းများ ရပ်တည်ရေးအတွက် မတည်မငြိမ်၊ စိတ်မအေးဖွယ်ဖြစ်ခြင်း၊ (၁ဝ) နယ်ဒေသရှိတက္ကသိုလ်များ ဆရာ မရှိ၍ ရပ်တည်ရန် ခက်ခဲခြင်းများကြောင့် နိုင်ငံတော် တည်ငြိမ်မှု/ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိခိုက်စေသည့် အထိန်းအကွပ်မဲ့ ပညာရေးစနစ် ဖြစ်လာနိုင်သည်ဟု ပညာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ် တော်မှတစ်ဆင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီကို ပေးပို့ထားသည်။

''ဒါက အကြံပြုစာပေးပို့တာပါပဲ။ ဘာဖိအားမှမရှိဘူး လွှတ်တော်က လုပ်နိုင်တာကို လုပ်မှာ၊ စဉ်းစားတဲ့ အထဲမှာ လိုအပ်ရင်ပါချင်ပါမယ် မပါချင်မပါဘူး'' ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး အမှတ် ၆ ကိုယ်စားလှယ် ဦးခင်မောင်ရီက ဖေဖော်ဝါရီ ၂၆ရက်တွင် ပြောသည်။

ပညာရေး ဝန်ကြီးဌာနက အကြံပြုစာကို ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် ပေးပို့ခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က အမျိုးသားလွှတ်တော်သို့ ထပ်မံလွှဲပြောင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။

အကြံပြုချက် စတင်လက်ခံရရှိသည့် ပြည်ထောင်စုလွှတ်တော် ဒုတိယညွှန်ကြားရေးမှူး ဦးသန်းတိုးနိုင်ကို မဇ္ဈိမက အကြံပြုစာမည်သို့ လက်ခံရရှိကြောင်း အခြေအနေကို မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိဘဲ အဆိုပါကိစ္စကို အမျိုးသားလွှတ်တော်ကသာ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ပြန်လည်ဖြေကြားသည်။

အကြံပြုစာပေးပို့ထားသည့် ပညာရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းသော်လည်း ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူများက အစည်းအဝေးများ ပြုလုပ်နေသဖြင့် ပြန်လည်ဖြေကြားမပေးနိုင်ခဲ့ပေ။

အမျိုးသားလွှတ်တော်သို့ ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန အပါအဝင် အဖွဲ့အစည်းမျိုးစုံမှ အကြံပြုစာ အစောင် ၂ဝနီးပါးကို ပေးပို့ထားပြီး နိုင်ငံရေးပါတီများ၊ ကျောင်းသားများ၊ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက်၊ အရပ်ဘက် လူ့အဖွဲ့အစည်းတို့ကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက မတ်လ ၅ ရက်မှ ၂ဝရက်ထိ ကြားနာမှုများ ပြုလုပ်မည်ဖြစ်သည်။