ပညာရေး လွတ်လပ်ခွင့်ကို စည်းကမ်းမဲ့ လမ်းကြောင်းအဖြစ် နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် ရှုမြင်

ပညာရေး လွတ်လပ်ခွင့်ကို စည်းကမ်းမဲ့ လမ်းကြောင်းအဖြစ် နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် ရှုမြင်
by -
မဇ္စျိမ

 မြန်မာ့ပညာရေးစနစ် လွတ်လပ်ခွင့်ကို ဖော်ဆောင်လွန်းပါက စည်းကမ်းမဲ့လွန်းသည့် လမ်းကြောင်းကို ဦးတည်စေသည်ဟု နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်၏ တက္ကသိုလ် ပညာသင်ကြားရေးအဖွဲ့မှ သံဃာတော်များက အကြံပြုလိုက်သည်။

 “အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”၏ အခန်း (၃)၊ ပုဒ်မ (၄)၊ ပုဒ်မခွဲ (ခ)ပါ “ပညာရေး လွတ်လပ်ခွင့်တွင် ကျောင်းသားများ လွတ်လပ်ခွင့်၊ ဆရာများ လွတ်လပ်ခွင့်၊ သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်၊ ဘာသာစကား လွတ်လပ်ခွင့်၊ အတွေးအခေါ်လွတ်လပ်ခွင့်၊ ဒေသဆိုင်ရာ လွတ်လပ်ခွင့်၊ ကျောင်းများ လွတ်လပ်ခွင့် စသည်တို့ ပါဝင်ရေး” ဟူသည့်အချက်ကို ရည်ညွှန်းကာ နိုင်ငံတော် ပရိယတ္တိတက္ကသိုလ်က သုံးသပ်လိုက်ခြင်းဖြစ်သည်။

Four-Star-Fourth-Meet-For-ESU-Law-01-s

အထက်ပါပုဒ်မခွဲကို နိုင်ငံတော် ပရိယတ္တိ တက္ကသိုလ်က “ကျောင်းများ၊ ဆရာများ၊ ကျောင်းသားများ၊ သင်ရိုးညွှန်းတမ်းများ၊ ဘာသာစကားများ၊ အတွေးအခေါ်များနှင့် ဒေသဆိုင်ရာအားလုံးတွင် လွတ်လပ်မှုများဖော်ဆောင်လွန်းလျှင် စည်းကမ်းမဲ့လွန်းသည့် လမ်းကြောင်းကို ဦးတည်နေခြင်းကြောင့် ပယ်ဖျက်သင့်ကြောင်း” ဖေဖော်ဝါရီ ၂၆ရက်ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

အစိုးရ၏ လုပ်ဆောင်ချက်များကို သုံးသပ်အကြံပြုလေ့မရှိသည့် နိုင်ငံတော် ပရိယတ္တိတက္ကသိုလ် အနေဖြင့် အဆိုပါ ပညာရေးကိစ္စကို ရုတ်ချည်း ထောက်ပြလိုက်ခြင်းလည်းဖြစ်သည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကလည်း အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ဖေဖော်ဝါရီ ၂၅ရက်က အလားတူပင် အကြံပြုခဲ့သေးသည်။

ထိုသို့ ပညာရေးကိစ္စတွင် သံဃာတော်များ ဝင်ရောက်အကြံပြုမှုအပေါ် ဆရာတော် အရှင်မိုးသု (မန္တလေး)က “ဝေဖန် ကန့်ကွက်မယ်ဆိုလို့ရှိရင် ခြေခြေမြစ်မြစ်ဖတ်ပြီးတော့ လေးပွင့်ဆိုင်အဖွဲ့ကိုခေါ်ပြီး ဆရာတော်တို့ သဘောထားကတော့ ဒီလိုရှိတယ် ပြောသင့်တာပေါ့။ အခုက အမြင်မကောင်းဘူး ဖြစ် တာပေါ့။ စေတနာမှန်နဲ့လုပ်တယ် ဆိုရင်တောင် ဆရာတော်ကြီးတွေ အစိုးရနဲ့ ပေါင်းလုပ်တယ်၊ အစိုးရ ဘုန်းကြီးတွေဆိုတာက ပိုပြီးခိုင်မာသွားစေတာပေါ့” ဟု ဖေဖော်ဝါရီ ၂၅ရက်က မဇ္ဈိမကို မိန့်သည်။

နိုင်ငံတော် ပရိယတ္တိ တက္ကသိုလ်၏ အကြံပြုချက်တွင်မူ ဆရာ၊ ဆရာမများအနေဖြင့် “နှစ်သက်ရာ ပါတီသို့ ဝင်ရောက်ခွင့်ရှိသည်” ဟူသည့် ပြင်ဆင်လိုက်သည့် ဥပဒေမူကြမ်းပါ အခန်း (၄) ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (ဃဃ) ကို ပယ်ဖျက်သင့်ကြောင်းလည်း သုံးသပ်ထားသေးသည်။

ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံရေးပါတီများသို့ဝင်ရောက်ပါက “ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများ ဖြစ်ပေါ်လာပြီး သင်ကြားအုပ်ချုပ်မှုများတွင် ဆိုးကျိုးများ များစွာ ပေါ်ပေါက်လာနိုင်ခြင်းကြောင့် ပယ်ဖျက်သင့်ကြောင်း” ဟု အကြံပြုချက်တွင် ပါရှိသည်။

ယင်းအကြံပြုချက်အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ အာကာမိုးသူက “ဝန်ထမ်းတွေ အကုန်လုံးက ကျွန်မဟုတ်ဘူး။ သူယုံကြည်ရာတော့ ယုံပစေ့လေ။ သူ့ယုံကြည်ခွင့်ကို ချိုးဖောက်တယ်ဆိုရင်တော့ သူ့ရဲ့ Human Rightကို တော်တော်လေး ချိုးဖောက်ရာကျတဲ့ အမြင်မျိုးဖြစ်တယ်လို့ သုံးသပ်တယ်” ဟု ဖေဖော်ဝါရီ ၂၂ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ထို့ပြင် ဆရာ၊ ဆရာမများ၏ သင်ကြားမှုအပေါ် ကျောင်းသားများက အကဲဖြတ်မည့် ပြင်ဆင်သည့် ဥပဒေကြမ်း ပါ ပုဒ်မ(၅)၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(စစ)ကိုလည်း “မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီခြင်းကြောင့် ပယ်ဖျက်သင့်ကြောင်း” နိုင်ငံတော် ပရိယတ္တိ တက္ကသိုလ်မှ သင်ကြား/စီမံ ဆရာတော်များ၏ အကြံပြုချက်တွင် ဖော်ပြပါရှိသည်။

အလားတူပင် “အခြား ဘာသားရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများ” ဟူသည့်  ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ ၃၆၊ ပုဒ်မခွဲ (ည)မှာလည်း တိုင်းပြည်နှင့် လူမျိုးအတွက် ရတက်မအေးစရာ၊ ကျောချမ်းစရာများဖြစ်နေခြင်းကြောင့် လုံးဝပယ်ဖျက်သင့်ကြောင်း သုံးသပ်ထားသေးသည်။

သို့သော် မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER)ကမူ ယင်းပုဒ်မခွဲသည် “ဘာသာရေးကို သီးသန့်သင်ကြားသည့် ကျောင်းများကို ဆိုလိုခြင်းမဟုတ်” ဟု ဖေဖော်ဝါရီ ၂၆ရက်တွင် ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။

“အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ပေါ်ပေါက်လာပုံ လွှတ်တော်က အတည်ပြုလိုက် သည့် အမျိုးသား ပညာရေး ဥပဒေသည် ဗဟိုချုပ်ကိုင်မှု စနစ်များနေခြင်း၊ ကျောင်းသား သမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့် မရှိခြင်း စသည့်အချက်များကြောင့် ပြင်ဆင်ပေးရန် ကျောင်းသားများက ကနဦးတွင် ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ရက်ပေါင်းခြောက်ဆယ်အတွင်း လေးပွင့် ဆိုင် ဆွေးနွေးညှိနှိုင်း ရန် တောင်းဆိုခဲ့သည်။

သို့သော် ကျောင်းသားတို့ တောင်းဆိုသည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို အစိုးရက လျစ်လျူရှုခဲ့ပြီး သပိတ်စစ်ကြောင်းများ အရှိန်မြှင့်လာမှသာ ဆွေးနွေးပွဲကို လက်ခံခဲ့သည်။

ယင်းဆွေးနွေးပွဲများ၏ ရလဒ်အဖြစ် ကျောင်းသားတို့ တောင်းဆိုသည့် လက်ရှိကျင့်သုံးလျက်ရှိသည့် စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့် စနစ်များကို ပြင်ဆင်ရန်၊ ဒေသအလိုက်၊ ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန်၊ တိုင်းရင်းသား မျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် ဘာသာစကားအခြေပြု ဘာသာစကားသုံး ပညာရေးစနစ်ကို ထည့်သွင်းရန်၊ ကျောင်းသားများ လွတ်လပ်စွာ တွေးခေါ်စဉ်းစားနိုင်ပြီး ကိုယ်တိုင်လေ့လာစူးစမ်း သင်ယူနိုင်မည့် နည်းစနစ်များ ပြောင်းလဲရန်တို့ ပါဝင်သည့် စုစုပေါင်း (၁၁)ချက်ကို အစိုးရဘက်က မူအားဖြင့် သဘောတူခဲ့သည်။

ထို့နောက် အထက်ပါအချက်များကို အခြေခံရေးဆွဲထားသည့် NNER၏ ပြင်ဆင်သည့် ဥပဒေကြမ်း ကို ဖေဖော်ဝါရီ ၁၆ ရက်တွင် လွှတ်တော်တင်ရန် လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် သဘောတူလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့၊ မကွေးကျောင်းတိုက် ဆရာတော်ဖြစ်သည့် ဦးပါမောက္ခကမူ “မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် တိုးတက်ဖို့အတွက် ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ကြစေချင်တယ်။ သဘောထားတွေ မတင်းမာဘဲနဲ့ပေါ့” ဟု ၎င်း၏ အမြင်ကို မိန့်သည်။

Most read this week