နအဖတပ် နှင့် တပ်ပေါင်းစုအဖွဲ့ တိုက်ပွဲဖြစ်

နအဖတပ် နှင့် တပ်ပေါင်းစုအဖွဲ့ တိုက်ပွဲဖြစ်
by -
ခွန်အောင်မြတ်
ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်အတွင်းတွင် မြန်မာစစ်အစိုးတပ်ဖွဲ့နှင့် တိုင်းရင်း သားလက်နက်ကိုင် စုပေါင်းတပ်ဖွဲ့ တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်မှ အရာရှိ တယောက်နှင့်ရဲဘော်တယောက် ကျဆုံးသွား သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး ...

 
ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်အတွင်းတွင် မြန်မာစစ်အစိုးတပ်ဖွဲ့နှင့် တိုင်းရင်း သားလက်နက်ကိုင် စုပေါင်းတပ်ဖွဲ့ တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်မှ အရာရှိ တယောက်နှင့်ရဲဘော်တယောက် ကျဆုံးသွား သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ အရာရှိတယောက်က ပြောသည်။
 
မြန်မာစစ် အစိုးရတပ်မှ ဘန်းယဉ်ခြေစိုက် ခမရ ၄၁၂ တပ်ရင်း တပ်ခွဲမှူး ဉာဏ်လင်း ဦးဆောင်သည့်အဖွဲ့သည် မောက်မယ်မြို့နယ်အတွင်းရှိကျေးရွာမှရွာသူကြီးအား ဖမ်းဆီးပြီး လက်နက်ကိုင်အဖွဲ့များရှိရာသို့ လမ်းပြပေးရန် ခေါ်ဆောင်သွားစဉ် ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
 
တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ခွဲမှူး ဗိုလ်မှူး အောင်ဒင် က ယခုလို ပြောသည်။
 
“မနက် (၇) နာရီခွဲဗျ။ တိုက်ပွဲအခြေအနေကတော့ ကျနော်တို့ကနေ အရင်ပစ်ရတာပဲ။ သူတို့ စခမ်း ထဲကို ဝင်လာတယ်။ ရွာသားကို ကြိုးနဲ့ချည်ပြီးတော့လေ။ အဲဒါ ကျနော်တို့ကလည်းပဲ စခန်းဘေး ကနေ ပြောင်းမယ်ဆိုပြီးတော့ ရွေ့ခိုင်းတဲ့အချိန်မှာ သွားပြီး ဒဲ့တိုးကြတာပေါ့။ ဒဲ့တိုးတဲ့ အချိန်မှာအဲမှာ ပစ်ကြတယ်လေ။ အဲမှာ နအဖဘက်က ဗိုလ်ကြီး ဉာဏ်လင်းဆိုတဲ့တယောက်နဲ့ သူ့ရဲ့တပ်သာား ဟဲဗီး ဆိုတဲ့ တယောက်ကျတယ်လေ။ ဒဏ်ရာရတာက တယောက်ပေါ့။”
 
တိုင်းရင်းသားလက်နက်ကိုင်စုပေါင်းတပ်ဖွဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ ဝအမျိုးသားတပ်မ တော်၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မ တော် တို့ ပါဝင်သည်။
 
ယင်းတိုက်ပွဲတွင် တပ်ပေါင်းစုအဖွဲ့မှ ထိခိုက်ကျဆုံးမှု မရှိဟု ဆိုသည်။
 
ရှမ်း-ကရင်နီ နယ်စပ် မောက်မယ်မြို့ မဲုင်းစပ် ကျေးရွာရှိ ရွာသူကြီး အပါအဝင် ကျေးရွာသား ၁ဝ ဦးကို ယမန် နေ့မနက် ၃ နာရီတွင် မြန်မာစစ်အစိုးရတပ်က ဖမ်းဆီးသွားသည်ဟု အဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက် လာသူ ရွာသူကြီး ဦးဒီးလယ်က ပြောသည်။
 
“ကျနော်တို့ကို လာဝိုင်းတာက မနက်ပိုင်း ၃ နာရီလောက်ကပါ။ ကျနော်တို့ ၁ဝယောက် အဖမ်းခံ ရပါတယ်။ အဲမှာ ကျနော့်ကို စစ်ဆေးတာ ဓားမြောင်နဲ့ လှီးတာ သုံးခါ။ ရိုက်တာက ခြောက်ချက်။ ကျနော့်တယောက်ထဲကိုပဲ နာအောင်လုပ်တာ။ ဖမ်းတာကတော့ ၁ဝ ယောက်။ ၉ ယောက်ကိုတော့ မနှိပ်စက်သေးဘူး။ ရွာမှာ ဘယ်လိုဆက်ဖြစ်လဲတော့ မသိရသေးဘူး။ ကျနော့် ကို စခမ်းနားကို ခေါ် သွားတာ။”
 
၎င်းကို ကြိုးဖြင့်ချည်ပြီး ခေါ်သွားချိန်တွင် တပ်ပေါင်းစုအဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ရာမှ တပ်ပေါင်းစုထံ ထွက်ပြေး ရောက်ရှိလာခြင်းဖြစ်သည်ဟု ပြောသည်။
 
ယခုလဆန်းပိုင်းတွင် ဆီဆိုင်မြို့နယ်ရှိ ဗန်းမပ်က်ကျေးရွာအုပ်စုရှိ ရွာသူကြီး ခြောက်ဦး ကိုလည်း မြန်မာစစ် တပ်က နောင်ထောင်ဝ်သို့ ခေါ်ဆောင်သွားမည်ဟု ပြောဆိုကာ လမ်းတဝက်တွင် သတ်ဖြတ်လိုက်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။
 
ဟိုနမ်းကျေးရွာအုပ်စုမှ ရွာသူကြီးနှင့် လွယ်ဆမ်ဆစ်ပ် ရွာသူကြီးကိုလည်း အလားတူ ပစ်သတ် ခံခဲ့ရသည်ဟု ဆို သည်။
 
ကရင်နှင့်ပအိုဝ်း ပူးပေါင်းတပ်ဖွဲ့က မြန်မာစစ်အစိုးရတပ်ဖွဲ့တခုအား မေလဆန်းပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၂ ဦး ကျဆုံးပြီးနောက်ပိုင်း ယင်းဒေသရှိ ဒေသခံများအား မြန်မာစစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်တိုက် ပြုလုပ်လာခဲ့သည်။

Most read this week