မုံရွာမြို့အနီး ကြက်ငုံးမွေးမြူရေးဇုန်တွင် ကြက်ငှက်တုပ်ကွေးဖြစ်ကာ ကြက်၊ ငုံး အကောင် ၁၀,၀၀၀ ကျော်သေဆုံး

မုံရွာမြို့အနီး ကြက်ငုံးမွေးမြူရေးဇုန်တွင် ကြက်ငှက်တုပ်ကွေးဖြစ်ကာ ကြက်၊ ငုံး အကောင် ၁၀,၀၀၀ ကျော်သေဆုံး
by -
မဇ္စျိမ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အရှေ့ဘက် သာစည်လမ်း ကျောက်ဆစ်ပုံတောင် ကျေးရွာအနီး ကြက်ငုံးမွေးမြူရေးဇုန်တွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားနေသဖြင့် ပြန့်ပွားမှု မရှိစေရန် အဆိုပါဇုန် အဝင်၊ အထွက်ကို ဖေဖော်ဝါရီ ၂၄ရက် ညက စတင် ကန့်သတ်လိုက်ပြီး လုံခြံုရေး စီမံဆောင်ရွက်နေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးစောမြင့်ဦးက မဇ္စျိမကိုပြောသည်။

အဆိုပါဇုန်တွင် ကြက်ငှက်တုပ်ကွေးကြောင့် ဖေဖော်ဝါရီလ ၁၀ရက်မှ ၂၅ရက်အထိ ငုံး ၁၀၉၇၇ကောင်နှင့် ကြက် ၁၃၁၆ ကောင် သေဆုံးခဲ့ကြောင်း အဆိုပါ ဇုန်၏ စာရင်းများအရ သိရသည်။

မုံရွာဒေသခံ ကိုမျိုးမင်းထွန်းက “အခုထိတော့ ကြက်ငှက်တုပ်ကွေးဖြစ်တာကို လူတွေမသိကြသေးဘူး။ ကြက်သားစျေးကွက်ကလည်း မပျက်သေးဘူး။ မနက်ကတောင် အိမ်မှာကြက်သားဝယ်ချက်လို့ စားလိုက်မိသေးတယ်။ နောက်နေ့ ဒေသခံတွေ ဒီအကြောင်း ကြားရင်တော့ ကြက်သားစျေးကွက် ပျက်သွားနိုင်တယ်” ဟုပြောသည်။

လက်ရှိတွင် အဆိုပါ ဇုန်ကို ပိုးသတ်ဆေးဖျန်းခြင်း၊ ဇုန်ကော်မတီ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် လုံခြံုရေး ချထားခြင်းကို ဆောင်ရွက်ထားကြောင်း ဝန်ကြီး ဦးစောမြင့်ဦးက ပြောသည်။

“ဇုန်ထဲကနေ အပြင်ကို မပြန့်ပွားအောင် တိ/မွေးကု ဆရာဝန်တွေနဲ့ဆောင်ရွက်နေပါတယ်။ ကြက်ပိုင်ရှင်တွေက ကြက်တွေသေရင် ကိုယ့်ဘာသာကိုယ် စွန့်ပစ်တာမျိုးတွေ ဖြစ်မှာစိုးလို့ပါ။ ခြံထဲမှာ ရောဂါကူးစက်ခံရတာကို အကြောင်းကြားရင် တိ/မွေးကုဌာနက တာဝန်ယူ ဖျက်ဆီးပေးပါတယ်”ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီလ ၁၀ရက်က စ၍ ကြက်ငုံးမွေးမြူရေးဇုန်အတွင်း ငုံး ရ၀၀ခန့် သေဆုံးခဲ့ပြီး ဖေဖော်ဝါရီလ ၁၃ရက်က မန္တလေးမြို့ဓါတ်ခွဲခန်းသို့ပေးပို့ ဓါတ်ခွဲရာမှတစ်ဆင့် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း သိရှိရသည်ဟု ကြက်ငုံးမွေးမြူရေးဇုန် တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကိုပြောသည်။

Most read this week