ကိုးကန့်တိုက်ပွဲနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်နှင့် တွေ့ဆုံမေးမြန်းခန်း

ကိုးကန့်တိုက်ပွဲနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်နှင့် တွေ့ဆုံမေးမြန်းခန်း
by -
နိရဥ္စရာ

ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ ကိုးကန့်တပ်ဖွဲ့နဲ့အတူ ရက္ခိုင်တပ်မတော် ( Arakan Army) ပါ၀င်နေတယ်။ ရခိုင်ဒေသမှာ ဖြစ်ပွားတဲ့ စစ်ပွဲမဟုတ်ဘဲ ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ဘာကြောင့် ပါ၀င်နေရပါသလဲ ဆိုတာကို ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကို မေးမြန်းပြီး တင်ပြ ပေးလိုက်ပါတယ်။

မေး – အခုဖြစ်နေတဲ့ လောက်ကိုင်တိုက်ပွဲမှာ ရခိုင့်တပ်မတော်က ဘာကြောင့် ပါ၀င်နေရတာပါလဲ။

ဖြေ – ဒါက ကျွန်တော်တို့က ကိုးကန့်အဖွဲ့နဲ့ နိုင်ငံရေး၊ စစ်ရေး မဟာမိတ်ပေါ့။ ကိုးကန့်အဖွဲ့အစည်းကလည်း ဒီ UNFC(ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ) အဖွဲ့ဝင်ဖြစ်တယ်။ NCCT အဖွဲ့ဝင်ဖြစ်တယ်။ ကျွန်တော်တို့က အခုပေါ့နော် မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသား ဒေသတွေမှာ အခြေစိုက်ပြီးလှုပ် ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က မိတ်ဆွေရဲ့ လိုအပ်တဲ့အချိန်မှာ လိုအပ်သလို မိတ်ဆွေဝတ္တရားနဲ့အညီ ကူညီဆောင်ရွက်တာဖြစ်တယ်။ တစ်ပြိုင်တည်းမှာလည်း ကျွန်တော်တို့ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကို အမျိုးမျိုးနဲ့ပေါ့ မလိမ့်တပတ် ဒီမိုကရေစီတို့ ဘာတို့နဲ့ အုပ်ချုပ်နေတဲ့ ဘုံရန်သူကို ပူးပေါင်းတော်လှန်တဲ့ သဘောပါပဲ။

Tun-Myat-Naing

မေး – အခု ကိုးကန့်မှာဖြစ်တဲ့ စစ်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းပြီး စစ်ပွဲကို ရပ်နိုင်တဲ့ အခြေအနေမျိုးကော မြင်မိပါသလား။

ဖြေ – ဒါကတော့ နည်းနည်းတော့ ခက်တယ်ဗျ။ အဓိက ကတော့ နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ ပြဿနာဆိုတော့ နိုင်ငံရေးအရ စားပွဲဝိုင်းမှာဖြေရှင်းတာတော့ အကောင်းဆုံးပဲပေါ့။ သို့သော် ဒီတိုင်းပြည်မှာက စားပွဲဝိုင်း နိုင်ငံရေး ယဉ်ကျေးမှုပေါ့ Political Cultureပေါ့၊ အဲဒါကို မျိုးစေ့ချပြီးမှ မှန်မှန်ကန်ကန် ဆောင်ရွက်တဲ့ယဉ်ကျေးမှုကို ထူထောင်ရဦးမှာဖြစ်တယ်။ ဒါကြောင့်နိုင်ငံရေးအရ ဖြေရှင်းဖို့ ကြိုးစားမှုတွေတိုင်းမှာ အပျက်ပျက်နဲ့ နှာခေါင်း သွေးထွက်ပေါ့၊ အဖြေတစ်စုံတစ်ရာ တိုင်းပြည်အတွက် ကောင်းမွန်တဲ့ရလဒ်တွေမရှိပဲနဲ့ ဒါမျိုး တဝဲဝဲလည်လည်ဖြစ်နေတာများ တယ်။ ဘာပဲပြောပြော ကျွန်တော်တို့က ငြိမ်းချမ်းစွာပြေလည်သွားဖို့ပဲ ပြောချင်ပါတယ်။

မေး – ဟုတ်ကဲ့ အခုကနေပြီးတော့ Arakan Army ကနေပြီးတော့ အဲဒီဒေသမှာ ပါ၀င်ပတ်သက်တာက ရခိုင့်တပ်မတော်ကို ဒီအစိုးရက အသိအမှတ်မပြုဘူး၊ အသိအမှတ်ပြုလိုတဲ့အနေအထားမရှိဘူး။ အဲဒါကြောင့် အသိအမှတ်ပြုမှုရနိုင်အောင် ဒီလို စစ်ပွဲတွေမှာ ပါ၀င်ပတ်သက်နေတယ်လို့ ပြောဆိုနေတဲ့ အသံတွေလည်း ထွက်ပေါ်နေပါတယ်။ အဲဒီအပေါ်မှာကော ဘာပြောချင်ပါလဲ။

ဖြေ – သူတို့ အသိအမှတ်ပြုတယ် မပြုဘူူးဆိုတာကတော့ သိပ်ပြီးမှ အဆုံးအဖြတ်မဟုတ်ပါဘူး။ အဓိက ကတော့ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ဟာကို လုပ်နေဖို့ကပဲ ပိုအရေးကြီးပါတယ်။ သူတို့က ကျွန်တော်တို့ကို အသိအမှတ် မပြုဘူး ပြောလို့ရသလို ကျွန်တော်တို့လည်း သူတို့ကို အသိအမှတ်မပြုလို့ လက်နက်ကိုင်တော်လှန်တာပေါ့။ သူတို့ပြောပြောနေတဲ့ ဥပဒေအရဆိုတဲ့ စကားလုံးကိုသာ ကျွန်တော်တို့ဘက်က ပြန်ပြီး မေးခွန်းထုတ်ချင်ပါတယ်။ ဥပဒေဆိုတာ တရားဝင်ရဲ့လားပေါ့။ ခင်ဗျားတို့ ပြောနေတဲ့ ဥပဒေဆိုတာ။ အဲဒီလိုမျိုးလည်း ပြန်မေးရင် မေးလို့ရပါတယ်။ တစ်ခုတော့ ကျွန်တော်တို့ သတိထားမိတာ မှန်ပါတယ်။ ကျွန်တော်တို့ ရခိုင့်တပ်မတော်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အပေါ်မှာ လူတွေကလည်း အများကြီး ကျွန်တော်တို့ ရခိုင်ပြည်သူလူထုကလည်း ထောက်ခံမှုတွေ အများကြီးရှိတယ်။ အဲဒါတွေအပေါ်မှာ ကျွန်တော်တို့ လူထုနဲ့ဆက်စပ်ပြီးမှ တခြား အမျိုးသားရေးလုပ်ငန်းတွေ ပိုပြီးဆောင်ရွက်လာမှာ စိုးရိမ်တယ်လို့ ကျွန်တော်တို့ မြင်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးအရ အရမ်းနေရာရပြီးဖြစ်လာရင် သူတို့မျှော်လင့်ထားတဲ့ အတိုင်းမဖြစ်တော့ဘူးပေါ့။ အဲဒါတွေအပေါ်မှာ စိုး ရိမ်မှုတွေကြောင့် ကြိုတင်ကာကွယ်နေတာလည်းဖြစ်မယ်။ ကျွန်တော်တို့ ရခိုင့်တပ်မတော် အနေနဲ့ကတော့ ဒီကချင်ပြည်တစ်ခုတည်းတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံ တိုင်းရင်းသားမဟာမိတ်ဒေသတွေ နေရာအမျိုးမျိုးမှာ ကျွန်တော်တို့ လှုပ်ရှားပါတယ်။ တခြားလုပ်လို့ ရသေးတဲ့ဟာတွေလည်း အများကြီးတော့ရှိပါသေးတယ်။ ဒါကြောင့် လူတွေထင်သလိုမျိုး ဘာမှမဆီမဆိုင် ကိုးကန့်ဒေသမှာ ၀င်ပါတယ်ဆိုတဲ့ သဘောတော့မဟုတ်ဘူး။ ကျွန်တော်တို့ ရခိုင့်တပ်မတော်ဟာ တိုင်းရင်းသား မဟာမိတ်ဒေသ အသီးသီးမှာ အခြေပြုလှုပ်ရှားနေတာတွေတော့ အများကြီး ရှိပါတယ်။

မေး- အခုဖြစ်လာတဲ့ တိုက်ပွဲက ရေရှိန်မြင့်လာနိုင်ပါလား၊ ရေရှိန်နည်းသွားနိုင်ပါလား။ တိုက်ပွဲက ပြင်းထန် လာနိုင်ပါလား၊ မပြင်းထန်လာပဲနဲ့ အေးအေးဆေးဆေးနဲ့ ပြီးဆုံးသွားနိုင်တဲ့ အနေထားမျိုး ရှိလာနိုင်ပါသလား။ အခုဖြစ်နေတဲ့ စစ်ပွဲကို ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ– ရေရှိန်မြင့်လာဖို့၊ မမြင့်လာဖို့ဆိုတာက သူတို့အပေါ်မှာ အများကြီးမူတည်ပါတယ်။ သူတို့က ဆက်ပြီးမှ တိုးလာမယ်ဆိုရင်တော့ တိုက်ပွဲကတော့ ရေရှိန်မြင့်လာမှာပဲ။ အခုတော့ တပ်တွေအများကြီး ပို့လွတ်နေတယ်။ နေရာအသီးသီးမှာ မြန်မာအစိုးရရဲ့  တပ်မတွေ အများကြီးဝင်လာတယ်။ ၀င်လာတဲ့ တပ်မတွေကလည်း ဒီရှမ်းပြည်မြောက်ပိုင်း တစ်ခွင်တည်းမဟုတ်ဘူး။ ဒီမြောက်ပိုင်း KIA နယ်တွေမှာရော မနေ့(ဖေဖေါ်ဝါရီ ၂၂)က ညပိုင်းဆိုလည်း ဒီတပ်မဟာ (၃)ဘက်မှာလည်း တိုက်ပွဲတွေပေါ့ အင်အား အလုံးအရင်းသုံးပြီးမှ တပ်ရင်း (၁၅)ဘက်မှာ စခန်းတွေကို ၀င်တိုက်တာတို့ ပြီးရင် KIA (ကချင်ပြည် လွတ်လပ်ရေးတပ်မတော်) မဟာမိတ် တစ်ခွင်မှာလည်း စစ်ကြောင်းတွေအများကြီးထိုးပြီးမှ စစ်ရေးအရခြိမ်းခြောက်တာတို့၊ ပြီးရင် အခု စစ်ဖြစ်နေတဲ့ ကိုးကန့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာဆိုရင် ပိုပြီးမှ အရုပ်ဆိုးတဲ့ တိုက်ပွဲပုံသဏ္ဍာန်တွေ ပြန်ဖြစ်လာတယ်။ မနေ့က ရက်မှာဆိုရင် တော်တော်လေး တိုက်ပွဲလည်း ပြင်းထန်တယ်။ ရွာတွေ မီးလောင်တာ တစ်ပြိုင်တည်းမှာပဲ ၊ ဒီကြားထဲမှာ လေကြောင်းအရ စစ်ဆင်ရေးတွေလည်း အများကြီး ၀င်တာပေါ့။ လေကြောင်းအရ တိုက်ခိုက်မှု အများကြီး လုပ်တယ်။ ဒါကြောင့် စစ်ရေးအရ အခြေအနေက ပိုဆိုးလာတယ်လို့ ပြောလို့ရတယ်။ စစ်ရှိန်မြင့်လာမလားဆိုတာက ဒီအစိုးရ ဘာဆက်လုပ်မလဲအပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။

မေး – ရခိုင့်တပ်မတော်အနေနဲ့ရော ဒီအစိုးရနဲ့ ငြိမ်းချမ်းရေးတွေ ဆွေးနွေးပြီးတော့ အပစ်အခတ်ရပ်စဲဖို့ အစီအစဉ်တွေ မရှိဘူးလား။

ဖြေ – ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးလိုလားပါတယ်။ နိုင်ငံရေးပြဿနာကို ကျွန်တော်တို့က ငြိမ်းချမ်းစွာ စားပွဲပေါ်မှာ ဖြေရှင်းဖို့အတွက် အမြဲတမ်း စိတ်ဝင်စားတယ်။ ဒါကတော့ ငြိမ်းချမ်းရေးဆိုတာလည်း နှစ်ဦးနှစ်ဖက်က နားလည်မှ ရမယ်လို့၊ တစ်ဦးကိုတစ်ဦးအသိအမှတ်ပြုပြီးမှ အဲ့လိုမျိုး စကားပြောလာရမယ်၊ အဖြေရှာရမယ်။ ဒီအပေါ်မှာ ကျွန်တော်တို့က အိုးမပူပဲ ခွက်ပူနေလို့မရဘူးလေ။ ကျွန်တော်တို့က တော်လှန်တဲ့ လက်နက်ကိုင်တပ်မတော်ပဲ။ သူတို့က မဆွေးနွေးဘူးဆိုလည်း တိုက်တဲ့လမ်းပဲ ရွေးကြတာပေါ့။

Most read this week