ခြစားမှုတိုက်ဖျက်ရေး ပြည်နယ်နှင့်တိုင်းများ လုပ်ဆောင်ရန် အမှုပေါင်း သုံးရာခန့်ရှိပြီး ကော်မရှင် စုံစမ်းဖော်ထုတ်မှု ကိုးမှုရှိ

ခြစားမှုတိုက်ဖျက်ရေး ပြည်နယ်နှင့်တိုင်းများ လုပ်ဆောင်ရန် အမှုပေါင်း သုံးရာခန့်ရှိပြီး ကော်မရှင် စုံစမ်းဖော်ထုတ်မှု ကိုးမှုရှိ
by -
မဇ္စျိမ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အနေဖြင့် တစ်နှစ်ကျော်ခန့်သာ လုပ်ငန်းဆောင်ရွက်ခွင့် ရသေးသော်လည်း စုံစမ်းဖော်ထုတ်မှုများ၊ အပြစ်ပေးအရေးယူမှုများရှိခဲ့ပြီး ဆက်လက်စုံစမ်း ဖော်ထုတ်နေကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်က မီဒီယာများကိုပြောသည်။

ဦးသန်းအောင်က “ကျွန်တော်တို့ ကော်မရှင်က စုံစမ်းစစ်ဆေးနေတာ ကိုးခုရှိတယ်၊ ကျွန်တော်တို့ ကော်မရှင်က စုံစမ်းစစ်ဆေးလို့မရတဲ့ ကျွန်တော်တို့နဲ့ မဆိုင်တဲ့ ကိစ္စတွေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရတွေ ဒါလုပ်ရမယ့်ကိစ္စတွေ ၂၇၀ကျော်ရှိပါတယ်” ဟု ဆိုသည်။

ကော်မရှင်၏ စုံစမ်းစစ်ဆေး တရားစွဲဆိုမှုထဲတွင် တရားသူကြီးလေးဦးပါဝင်ခဲ့ပြီး တစ်ဦးမှာမူ ထောင်ဒဏ် အပြစ်ပေးအရေးယူခဲ့ပြီး အခြား အုပ်ချုပ်ရေးပိုင်းနှင့် သက်ဆိုင်သည့် ကိစ္စများ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း လည်း ၎င်းက ဖြည့်စွက်ပြောသည်။

ထို့အပြင် ဝန်ကြီးဌာနများနှင့် ပတ်သက်၍ “ဝန်ကြီးဌာနဆိုတာက ကျွန်တော်တို့ ကိစ္စတစ်ခုဆိုရင် အမျိုးသားလွှတ်တော် ဥက္ကဌကနေပြီးတော့ စုံစမ်းစစ်ဆေးခိုင်းလို့ အဲ့ဒီမှာ ကျွန်တော်တို့ စုံစမ်းစစ်ဆေးပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာန သုံးလေးခုက မြို့နယ်အဆင့်ရှိ ပုဂ္ဂိုလ်တွေကို အရေးယူလိုက်ပါတယ်” ဟုလည်း ဦးသန်းအောာင်ကဆိုသည်။

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃/၁၃သည် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၇ရက်တွင် စတင် အာဏာသက်ရောက်ခဲ့ပြီး ဖြစ်ပြီး ၁၉၄၈ခုနှစ်က ပြဌာန်းခဲ့ သည့် အဂတိလိုက်စားမှုတားမြစ်ရေး အက်ဥပဒေကို ၂၀၁၃ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ပယ်ဖျက်ခဲ့သည်။

သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက “ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ သုံးသပ်အကဲဖြတ်ရေးအဖွဲ့များ ဖွဲ့စည်းပြီးတော့ ဝန်ကြီးဌာနများ အဖွဲ့အစည်းများရဲ့ အောက်ခြေဝန်ထမ်း အဆင့်ဆင့်က ပြည်သူများကို ဝန်ဆောင်မှုပေးရာမှာ လွယ်ကူလျင်မြန်ချောမွေ့မှု ရှိ မရှိ အခက်အခဲ ရှိ မရှိ လေ့လာသုံးသပ်ပြီး ပြည်သူများ တင်ပြချက်တွေကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားပါတယ်” ဟု နေပြည်တော်ရှိ မြတ်မင်္ဂလာ ဟိုတယ်တွင် ကျင်းပသော အဂတိလိုက်စားမှုတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ယခင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုကို ပြည်ထောင်စုရှေ့နေချုပ်ရုံအား  တာဝန်ပေးထား ခဲ့ပြီး ဥက္ကဌအဖြစ် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၂၀၁၃ခုနှစ်မှ စတင်ကာ ကော်မရှင် ပေါ်ပေါက်လာသည့်အခါ ဦးဆောင်အဖွဲ့အစည်းအဖြစ် အဂတိတိုက်ဖျက်ရေး ကို ကော်မရှင်ကသာ ဆက်လက်ဆောင်ရွက်ခဲ့သည်။

ဝန်ကြီးက “အဖွဲ့များဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပါတယ်၊ အများပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများမှာ တရားမဝင်ငွေကြေးပေးရခြင်း ရှိမရှိ စသည်တို့ကို UNDP အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ် ကွင်းဆင်းဆောင်ရွက်လို့ရလာတဲ့ ရလဒ်များကိုလည်း စိစစ်လျက်ရှိပါတယ်” ဟု ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌဖြစ်သူ ဦးမြဝင်းကလည်း “မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါတယ်” ဟု ဆိုသည်။

ထို့အပြင် အာဆီယံ ဒေသအတွင်း ဒေသပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်သည့် နိုင်ငံ တစ်ခုဖြစ်လာစေရန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဦးမြဝင်းက ဖြည့်စွက်ပြောသည်။

Most read this week