ကျောင်းများတွင် ကျောင်းဆရာ၊ ဆရာမများ နေထိုင်ရန် အိမ်ရာများ ဖွဲ့စည်းပုံတွင် ထည့်သွင်းပြီး ဆောင်ရွက်ရန် လိုအပ်ဟုဆို

ကျောင်းများတွင် ကျောင်းဆရာ၊ ဆရာမများ နေထိုင်ရန် အိမ်ရာများ ဖွဲ့စည်းပုံတွင် ထည့်သွင်းပြီး ဆောင်ရွက်ရန် လိုအပ်ဟုဆို
by -
မဇ္စျိမ

ပညာရေး ဝန်ကြီးဌာနသည် ကျောင်းများတွင် ကျောင်းအုပ်ကြီးများနှင့် ရပ်ဝေးမှ လာရောက်သင်ကြားပေးသည့် ဆရာ၊ ဆရာမများ နေထိုင်နိုင်ရန် ဝန်ထမ်းအိမ်ရာများကို ဖွဲ့စည်းပုံတွင် ထည့်သွင်းဆောင်ရွက်ရန် လိုအပ်သည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တိုက်တွန်းပြောဆိုလိုက်သည်။

''ကျောင်းတစ်ကျောင်းရဲ့ ဖွဲ့စည်းပုံမှာ ကျောင်းအုပ်ကြီးသာမက ရပ်ဝေးကလာပြီး သင်ကြားပြသတဲ့ ဆရာ၊ ဆရာမတွေပါ စုပေါင်းပြီး ယာယီ နေလို့ရအောင် ခြောက်ခန်းတွဲတွေ ဖွဲ့စည်းပုံမှာ ပါဖို့ကောင်းတယ်။ ကျန်းမာရေး ဝန်ကြီးဌာနမှာဆိုရင် ဆရာဝန်နေအိမ်၊ သူနာပြုနေအိမ်၊ အစောင့်နေအိမ် ဆိုပြီးပါတယ်။ ဒီလိုမူလေးတော့ လုပ်ထားဖို့လိုပါတယ်" ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြောသည်။

School-1

ပညာရေးဝန်ကြီးဌာနသည် အိမ်ရာများကို ချက်ချင်းဆောင်ရွက်ပေးရန် ပြောဆိုခြင်းမဟုတ်ဘဲ ဘတ်ဂျက် အပေါ်မူတည်ပြီး ဆောင်ရွက်ပေးမည်ဆိုသည့် အစီအစဉ် မူဝါဒ တစ်ခုအဖြစ် ရှိသင့်သည်ဟု ဆိုသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၂ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အခြေခံ ပညာကျောင်းများတွင် ကျောင်းအုပ်ကြီး နေထိုင်နိုင်ရန် ကျောင်း အဆောက် အအုံအတွင်း အခန်းဖွဲ့၍ဖြစ်စေ၊ သီးခြားအိမ်ဆောက်၍ ဖြစ်စေ စီစဉ်ပေးရန် ရှိ/မရှိ မေးမြန်းမှုအပြီးတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

''နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေဟာ နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်တဲ့ နေရာ မှာ စိတ်လက်ပေါ့ပါးစွာ ထမ်းဆောင်နိုင်ပါတယ်။ ဒါကတော့ ဒီဝန်ထမ်းတွေကို နေရေးထိုင်ရေး၊ သွားရေးလာရေးကို နိုင်ငံတော်က စီစဉ်ပေးလို့ဖြစ်ပါတယ်။ ၂ဝ၁၅-၁၆ ဘတ်ဂျတ်မှာ နေပြည်တော်မှာရှိတဲ့ ဝန်ထမ်းတွေအတွက် အဆောက်အအုံတွေ ထပ်ဆောက်ဖို့ရန် ဘီလီယံ ၂ဝလောက် တောင်းခံ ထားတာ တွေ့ရပါတယ်'' ဟု ဦးဖုန်းမြင့်အောင်က မေးမြန်းစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ပညာရေး ဝန်ကြီးဌာနသည် ကျောင်းအဆောက်အအုံးတွင် အခန်းဖွဲ့၍ဖြစ်စေ၊ ကျောင်းပရဝဏ်အတွင်း သီးခြား အိမ်ဆောက်၍ ဖြစ်စေ ကျောင်းအုပ်ကြီးများ နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါဟု ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးသန့်ရှင်းက ဖြေကြားသည်။

အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ တိုက်တွန်းပြောဆိုချက်အပြီးတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ပြန်လည်ဖြေကြားရာတွင် ''ဝန်ကြီးဌာနအနေနဲ့ ဝန်ထမ်းတွေကို တာဝန်ယူရတဲ့အတွက် အများကြီးလုပ်ပေးဖို့လိုပါတယ်။ ဦးစားပေးအဆင့် လိုက်လုပ်ပေးတဲ့အခါ မှာ ကျောင်းတွေမှာ သိပ္ပံခန်းတွေ၊ ကျောင်းသားအဆောင်တွေ၊ ကျောင်းသူအဆောင်တွေ ဒါတွေ လည်းလုပ်ရပါတယ်။ ဘဏ္ဍာရေးစီမံချက်အရ ကျောင်းဆောင်တစ်ဆောင်တင်လိုက်တဲ့အခါ ပရိဘောဂတစ်ခါတည်း မပါပါဘူး။ ဒါကြောင့် ဘဏ္ဍာရေး အခြေအနေအရ အခုတင်ပြလာတဲ့ကိစ္စကို တဖြည်းဖြည်းတိုးပြီး ဆောင်ရွက်ပေးဖို့ အစီအမံရှိပါတယ်'' ဟု ပြန်လည်ဖြေကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာနသည် ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် ဘီလီယံ ၁,၄ဝဝတောင်းခံထားသည်။

Most read this week