မြေစာရင်းဦးစီး လာဘ်စားမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ပွင့်လင်းမြင်သာမှုမရှိ၍ နစ်နာသူ အစစ်ခံရန် ငြင်းဆို

မြေစာရင်းဦးစီး လာဘ်စားမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ပွင့်လင်းမြင်သာမှုမရှိ၍ နစ်နာသူ အစစ်ခံရန် ငြင်းဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် မြေစာရင်းဦးစီး ဦးမောင်မောင်ဝင်းအား မြေစာရင်းပုံစံ (၁၀၅) မြေပုံရေး ကူးခ ကျပ်ငွေ ၄ သိန်းလာဘ်စားမှုဖြင့် စွပ်စွဲ တိုင်ကြားထားသည်ကို စစ်တွေခရိုင်ဦးစီးဌာနက စုံစမ်းစစ်ဆေးဖို့ ရောက်လာရာ ပွင့်လင်းမြင်သာမှု မရှိသဖြင့် နစ်နာသူ ဦးယိုင်မောင်က ကြားနာစစ်ဆေးမှုကို လက်မခံဘဲ ငြင်းဆန်လိုက်သည်ဟု ပေါက်တောမြို့ လူမှုကွန်ယက်ဥက္ကဌ ဦးဦးကျော်ဝင်းက ပြောသည်။

ယင်းအမှုနှင့်ပတ်သက်၍ မြေစာရင်းဦးစီးမှူး ဦးမောင်မောင်ဝင်းကို လာဘ်ပေးလာဘ်ယူမှုဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းထံ ဇန်နဝါရီလ ၁၈နေ့တွင် စာရေးသား တိုင်ကြားလိုက်ပြီးနောက်ပိုင်း စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့သည် ဖေဖေါ်ဝါရီလ ၁၈ရက်နေ့က ပေါက်တောမြို့သို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

ဖေဖေါ်ဝါရီလ ၁၉ရက်နေ့တွင် ခေါ်ယူစစ်ဆေးရာ စုံးစမ်းရေးအဖွဲ့က စစ်ဆေးချက်ကို နစ်နာသူဦးယိုင်မောင် အား မိတ္တူမပေးနိုင်ဟု ငြင်းဆန်သဖြင့် ဦးယိုင်မောင်က ပွင့်လင်းမြင်သာမှု မရှိ၍ အစစ်မခံနိုင်ဟု နိရဥ္စရာသို့ပြောသည်။

“ကျွန်တော့်ရဲ့ထွက်ဆိုချက်ကို မိတ္တူတောင်းတော့ မပေးနိုင်ဘူးလို့ပြောတယ်။ မိတ္တူလိုချင်ရင် ပြည်နယ်မှူးဆီမှာ တင်ပြတောင်းဆိုရမယ်လို့ ပြောလာတယ်။ သူတို့ရဲ့ စစ်ဆေးမှုက ပွင့်လင်းမြင်သာမှုမရှိတော့ ကျွန်တော်အစစ် မခံနိုင်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ သူတို့ ကျွန်တော့်ဆီမှ စစ်ဆေးချက်ကို သူတို့လိုချင်တဲ့ပုံစံမျိုး လုပ်ကြံဖန်တီးဖို့ အနေအထားကို တွေ့ရတယ်။ ယခုစစ်ဆေးရေးအဖွဲ့ကို ကျွန်တော်အယုံအကြည်မရှိလို့ အစစ်ဆေးမခံတာပါ”ဟု ဦးယိုင်မောင်က ပြောသည်။

ဥပဒေကို လက်ဆုပ်လက်ကိုင်ပြုပြီး အနိုင်ကျင့်သည့်လုပ်ရပ်အဖြစ် ထင်မြင် သံသယရှိသည်ဟု မှတ်ချက်ပေး လိုကြောင်း လူမှုကွန်ယက် ဥက္ကဌက ပြောသည်။

“ယခု စစ်ဆေးရေးအဖွဲ့ကို ကျွန်တော် သံသယဖြစ်မိပါတယ်။ ပြည်သူလူထုရဲ့ ဥပဒေ မကျွမ်းကျင်မှုကို အခွင့်အရေးယူပြီး တဘက်သတ်ဆောင်ရွက်သွားဖို့ ကြိုတင်ညှိနှိုင်းထားကြပုံ ရပါတယ်”ဟု ဦးဦးကျော်ဝင်း က ပြောသည်။

ယခု စုံစမ်းစစ်ဆေးရန် ရောက်ရှိလာသော အဖွဲ့မှာ ခရိုင်မြေစာရင်းဦးစီးမှူး ဦးကျော်ညွန့် ဦးစီးသော အဖွဲ့ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အယုံအကြည်မရှိသဖြင့် ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့နေရာတွင် နောက်ထပ်စုံစမ်း စစ်ဆေးရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းပေးဖို့ တောင်းဆိုချင်သည်ဟု ဦးဦးကျော်ဝင်းက ဆက်လက်ပြောသည်။

ယခုအမှုတွင် ပေါက်တောမြို့နယ် မြေတိုင်းစာရင်း ဦးစီးမှူးသည် မြေစာရင်းပုံစံ (၁၀၅) ရေးဆွဲရန်အတွက် ဦးယိုင်မောင်ထံမှ ကျပ်ငွေ (၄)သိန်းအား ၂၈-၉-၂၀၁၄ခုနှစ် လာဘ်ယူခဲ့သဖြင့် တိုင်းတန်းခဲ့သော အမှုဖြစ်သည်။ ယင်းကျပ်ငွေ ၄သိန်းမှာ မြို့နယ် မြေစာရင်း ဦးစီးမှူး တစ်ဦးအတွက်မဟုတ်ဘဲ ခရိုင်မှူးနှင့် ပြည်နယ်မှူးတို့အတွက်ပါ ယူဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးယိုင်မောင်၏ ရေးသားထားသော စာထဲတွင် ဖော်ပြထားသည်။

ယခုစုံစမ်းစစ်ဆေးမှုကို ပေါက်တောမြို့ခံလူထုက အထူးစိတ်ဝင်စားနေပြီး ပြည်သူတစ်ယောက်အပေါ် အစိုးရဝန်ထမ်းက အနိုင်ကျင့်သည့်လုပ်ရပ်အဖြစ် ထင်မြင်နေကြသည်ဟု စုံစမ်းသိရှိရသည်။

Corruption-Myanmar-2

Most read this week