လောက်ကိုင်ထောင်မှ အကျဉ်းသားများ ရွှေ့ပြောင်းစဉ် ပစ်ခတ်ခံရ အကျဉ်းသား အမျိုးသမီး ၄၀ ကျော် ဒဏ်ရာရ

လောက်ကိုင်ထောင်မှ အကျဉ်းသားများ ရွှေ့ပြောင်းစဉ် ပစ်ခတ်ခံရ အကျဉ်းသား အမျိုးသမီး ၄၀ ကျော် ဒဏ်ရာရ
by -
မဇ္စျိမ

စစ်အုပ်ချုပ်ရေး အမိန့်ဖြင့် အုပ်ချုပ်နေသည့် ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ရှိ စီအောအကျဉ်းထောင်မှ အကျဉ်းသားများ၊ တိုက်ပွဲရှောင် ဒေသခံများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို လားရှိုးမြို့သို့ပို့ဆောင်ရန် ထွက်ခွာလာသည့် ယာဉ်တန်းသည် ပါစင်ကျော်ရွာနှင့် ချင်းရွှေဟော်ကြားရှိ လုံထန်ရွာအနီးတွင် ဖေဖော်ဝါရီ ၂၃ရက် ညနေပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသည်ဟု အစိုးရစစ်တပ်က သတင်းထုတ်ပြန်သည်။

အစိုးရတပ်၏ ထုတ်ပြန်ချက်တွင် ကိုးကန့်တပ်ဖွဲ့မှ ပစ်ခတ်ခြင်းဖြစ်သည်ဟုဆိုကာ ပစ်ခတ်ခံရမှုကြောင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း (၁)ဦး၊ အကျဉ်းသူ (၄၄)ဦးနှင့် စစ်သည် (၁)ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

Kokang-Battle-07

ဒဏ်ရာရရှိသူများအား ကွမ်းလုံမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခံရမှုမှာ ရရက်အတွင်း သုံးကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ရက်နှင့် ၂၁ရက်တွင်လည်း ကြက်ခြေနီအလံ လွှင့်ထူထားသော ယာဉ်များ ပစ်ခတ်ခံခဲ့ရသေးသည်။

ယခုအကြိမ် ပစ်ခတ်ခံရမှုတွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ပစ်ခတ်ခဲ့ပြီး တပ်မတော်တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူ (၁)ကြိမ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၉ရက်ကစပြီး အစိုးရတပ်နှင့် ဦးဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၇ရက်ကစပြီး တိုက်ပွဲဖြစ်ပွားရာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို သမ္မတအမိန့်ဖြင့် တပ်မတော်သို့ အာဏာလွှဲပေးခဲ့သည်။

အဆိုပါ ဒေသတွင် ဥပဒေချိုးဖောက်ပါက အမြင့်ဆုံးသေဒဏ်ချမှတ်မည့် စစ်အုပ်ချုပ်ရေးအမိန့်ကိုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဖေဖော်ဝါရီ ၁၈ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။

Most read this week