ရေးထိုးလိုက်သည့် ကတိကဝတ်လက်မှတ်သည် သမိုင်းစာမျက်နှာ သစ်ဖွင့်ထားခြင်းဟု ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ်ပြော

ရေးထိုးလိုက်သည့် ကတိကဝတ်လက်မှတ်သည် သမိုင်းစာမျက်နှာ သစ်ဖွင့်ထားခြင်းဟု ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ်ပြော
by -
မဇ္စျိမ

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA)က  ပြည်ထောင်စုနေ့တွင် “ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကတိကဝတ်” လက်မှတ်ရေးထိုးလိုက်ခြင်းသည် နိုင်ငံရေး ဆွေးနွေးရန်အတွက် စာမျက်နှာဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်ဟု RCSS၏ ဒုဗိုုလ်ချုပ်ကြီး ယွက်ဆစ်က ပြောဆို လိုက်သည်။

ဖေဖော်ဝါရီလ ၁၀ရက်မှ ၂၁ရက်ထိ ၁၂ရက်ကြာ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ RCSS၏ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်က ဖေဖော်ဝါရီလ ၂၃ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။  

RCSS ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်က  “ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲသွားဖို့ သမိုင်းစာမျက်နှာအသစ် တခု ဖွင့်လိုက်သလိုပါဘဲ၊ ကျနော်တို့ RCSSရဲ့ အောင်မြင်မှုတခုလို့လဲ ဆိုနိုင်ပါတယ်၊ ပြည်တွင်းက ပဋိပက္ခတွေ ကြားထဲမှာ ဆွေးနွေးလာတဲ့အခါမှာ သမ္မတ ကိုယ်တို်င်၊ တပ်ကပါဝင်တာ။ လွတ်တော်က ပါဝင်တာ လက်မှတ်ထိုးတာ တခါမှ မရှိသေးပါဘူး။ ဒီတစ်ကြိမ်ဘဲ ရှိဖူးပါတယ်။ ဒါကြောင့် လက္ခဏာ ကောင်းတခုလို့ မြင် ပါတယ်” ဟု သတင်းထောက်များကို ပြောသည်။

RCSS အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၆ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် အစိုးရတို့အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မဖြစ်ခဲ့သော်လည်း နိုင်ငံရေးဆွေးနွေးပွဲများ သွားနိုင်ရေးကို လက်ခံထားသည်ဟု ပြောဆိုခဲ့သည်။  

လက်ရှိ အခြေအနေအရ အစိုးရနှင့် အပြန်အလှန် ယုံကြည်မှု အပြည့်အဝ မရှိသေးသော်လည်း တွေ့ဆုံ ညှိနှိုင်းခြင်းဖြင့် အကောင်အထည် ဖော်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလ ၁၁ရက်တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ကတိကဝတ် အတွက် နိုင်ငံရေးပါတီများ၊ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတ၊ တပ်မတော်မှ ခေါင်းဆောင် အရာရှိများ၊ လွတ်တော်နာယက သူရဦးရွှေမန်းနှင့် အမျိုးသားလွတ်တော် ဥက္ကဌတို့နှင့် ညှိနှိုင်းခဲ့ပြီး ဖေဖော်ဝါရီလ ၁၂ရက်တွင်  သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် လက်မှတ်ရေးထိုးခဲ့သဖြင့် RSCC က လက်မှတ်ရေးထိုးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ တပ်မတော်ပိုင်း ဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံခဲ့ရာ လွတ်လွတ်လပ်လပ် တွေ့ဆုံနိုင်သဖြင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင် သည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ရက် ပြည်ထောင်စုနေ့တွင် RCSS အပါအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေ အကျိုးပြု ကရင်တပ်မတော် (DKBA)တို့ လေး ဖွဲ့က နေပြည်တော်တွင် “ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကတိကဝတ် လက်မှတ်ရေးထိုး ခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ဖေဖော်ဝါရီလ ၁၄နှင့် ၁၅ရက်များတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပသော ကျားဖြူပါတီ၏ ညီလာခံတွင် တက်ရောက်အားပေးခဲ့ပြီး စည်းလုံးညီညွတ်မှု ရရှိရန် အဓိက ပြောကြားခဲ့သည်ဟု လည်း ၎င်းကပြောသည်။

ယင်းအပြင် ဖေဖော်ဝါရီလ ၁၆ရက်တွင် ပအိုဝ့်အမျိုးသား အစည်းအရုံး (PNO) နာယက အောင်ခမ်းထီနှင့် တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူလူထုများနှင့် တွေ့ဆုံခွင့်ရရှိခဲ့ရာ ယခင်က ပအိုဝ့်၊ ရှမ်းတို့အကြား ဖြစ်ပွား ခဲ့သော ပြဿနာများအား ပြည်ပုန်းကားချ၍ စည်းလုံးညီညွတ်ကြရန်လည်း ၄င်းက ပြောကြားခဲ့သေးသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ မြန်မာပြည် ခရီးစဉ်အတွင်း ရှမ်းပြည်နယ် တီဂျစ်၊ ပင်လုံ၊ ဟိုပုန်းရှိ ပြည်သူများနှင့်လည်း တွေ့ဆုံခဲ့သလို၊ ရှမ်းပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦးအောင်မြတ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့နှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခိုလမ် တိုင်းမှူးတို့နှင့်လည်း တွေ့ဆုံခွင့် ရရှိခဲ့သေးသည်။

အဓိကအားဖြင့် အပစ်အခတ် ရပ်စဲပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲ သွားနိုင်ရန် ဆက်လက်လုပ်ဆောင်နိုင်ရန် ယုံကြည်မှု တည်ဆောက်နိုင်ရန်အတွက် နေပြည်တော်ခရီးစဉ်ကို သွားခဲ့ခြင်း ဖြစ်သည်ဟု ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်က သတင်းထောက်များကို ရှင်းပြခဲ့သည်။  

၂၀၁၁ခုနှစ် နိုဝင်ဘာလက အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲခဲ့သော RCSSသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တွင်လည်း ပါဝင်ခြင်း မရှိသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆွေးနွေးမှုတွင် တက်ရောက်ခဲ့သည်။

လက်ရှိ ဖြစ်ပွားနေသော ကိုးကန့်တိုက်ပွဲအတွင်း တရုတ်အစိုးရပါဝင်မှု မရှိသလို၊ RCSS/SSA အနေဖြင့်လည်း  နယ်မြေဆက်စပ်မှု မရှိသဖြင့် ပါဝင်ခြင်း မရှိကြောင်း ဒုဗိုလ်ချုပ် ယွက်ဆစ်က ကိုးကန့်တိုက်ပွဲနှင့်ပတ်သက်၍ ပြောဆိုခဲ့သည်။

 “ကိုးကန့်မှာဖြစ်တဲ့ ကိစ္စကလည်း ကိုးကန့်အရေးဘဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုမှလာပြီး ပဋိပက္ခဖြစ်ကြတာ မဟုတ်ပါဘူး။ ၂၀၀၉ခုနှစ်ကတည်းက စလာတဲ့ အတွင်းရေးပြဿနာ ဖြစ်ပါတယ်၊ ဒီပြသနာက ကိုးကန့်နဲ့ တပ်မတော်ကြားမှာ ဖြစ်တဲ့ ပြဿနာလို့ ကျွန်တော်ထင်ပါတယ်”ဟု ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ် က ပြောသည်။