တိုက်ပွဲသတင်းများ ရယူရာတွင် မတရားသင်းနှင့် ဆက်သွယ်မှုပုဒ်မဖြင့် ငြိစွန်းနိုင်သည်ဟု ပြောဆိုချက် ခြိမ်းခြောက်ဟု PEN Myanmar ရှုမြင်

တိုက်ပွဲသတင်းများ ရယူရာတွင် မတရားသင်းနှင့် ဆက်သွယ်မှုပုဒ်မဖြင့် ငြိစွန်းနိုင်သည်ဟု ပြောဆိုချက် ခြိမ်းခြောက်ဟု PEN Myanmar ရှုမြင်
by -
မဇ္စျိမ

အစိုးရနှင့် လက်နက်ကိုင် တပ်ဖွဲ့များအကြားဖြစ်ပေါ်နေသည့် တိုက်ပွဲများတွင် လက်နက်ကိုင် တပ်ဖွဲ့များကို ဆက်သွယ်မေးမြန်းလျက် သတင်းအတည်ပြုချက် ရယူမှုသည် မတရားသင်းနှင့် ဆက်သွယ်သည့် ပုဒ်မဖြင့် ငြိစွန်းနိုင်သည်ဟူသည် ပြောဆိုချက်များသည် ခြိမ်းခြောက်မှု တစ်ခုဖြစ်ပြီး မသင့်လျော်ကြောင်း PEN Myanmar အဖွဲ့က ဖေဖေါ်ဝါရီ ၂၃ က်တွင် သဘောထား ထုတ်ပြန်လိုက်သည်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်တွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများတွင် လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်းလျက် သတင်းအတည်ပြုချက်များ ရယူခြင်းသည် မတရားသင်းနှင့် ဆက်သွယ်သည့် ပုဒ်မဖြင့် ငြိစွန်းနိုင်သည့် ဥပဒေရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦက ထုတ်ဖေါ်ပြော ဆိုအပြီး ပြည်တွင်းမှ စာရေးဆရာ၊ ဆရာမများဖြင့်ဖွဲ့စည်းထားသည့် PEN Myanmarက အဆိုပါ ပြောဆိုချက် ကို တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

ဖေဖေါ်ဝါရီ ၂၁ရက် နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က ကိုးကန့်အဖွဲ့သည် သောင်းကျန်းသူအဖွဲ့ဖြစ်ပြီး မတရားသင်းများနှင့် ဆက်သွယ်သူများကို အရေးယူနိုင်သည့် ပုဒ်မ ၁၇(၁) ဥပဒေရှိနေခြင်းကြောင့် ထိုကဲ့သို့သော အဖွဲ့များနှင့် ဆက်သွယ်ရန် သင့်မသင့်ကို စဉ်းစားသင့်သည်ဟု ပြောဆိုမှုအပေါ် PEN Myanmar က သဘောထား ထုတ်ပြန်ခြင်းဖြစ်သည်။

“ပြည်သူ၏ သတင်းသိပိုင်ခွင့်အား ဖြည့်ဆည်းနိုင်ရေးအတွက် တိုက်ပွဲသတင်းများ ဖေါ်ပြရာ တွင် နှစ်ဘက်တပ် များ၏ အသံကို ချပြနိုင်ရေး ကြိုးပမ်းသည့် သတင်းမီဒီယာများအား ထိုပုဒ်မဖြင့် ခြိမ်းခြောက်မှုအသွင်ဆောင် သည့် ဖြေကြားမှုသည် မသင့်လျော်” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် သတင်းလိုအပ်ချက်အရ သတင်းသမားများသည် မြန်မာ့တပ်မတော်ကို သာမက ကိုးကန့်လက်နက် ကိုင်တပ်ကိုလည်းကောင်း အခြားသော ဒေသတွင်း လက်နက်ကိုင်တပ်များနှင့် နေရင်းပြည်သူများကဲ့သို့ မျက်မြင်သက်သေများကိုလည်း ဆက်သွယ်မေးမြန်းရပါမည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ကြောင့် သတင်းမီဒီယာများ သတင်းရယူ၊ အတည်ပြုရာတွင် ဖေါ်ပြပါကဲ့သို့သော ခြိမ်းခြောက်မှုများမရှိ ရန် မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ) မှ ဆွေးနွေးဆောင်ရွက်ပေးပါရန်လည်း PEN Myanmar က တိုက်တွန်းထားသည်။