ပညာရေး ဝန်ကြီးဌာန၏ လုပ်ဆောင်ချက် ကျောင်းသားနှင့် NNER တို့ မကျေနပ်

ပညာရေး ဝန်ကြီးဌာန၏ လုပ်ဆောင်ချက် ကျောင်းသားနှင့် NNER တို့ မကျေနပ်
by -
မဇ္စျိမ

“အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း” အား ကျောင်းသား၊ ပြည်သူများကို နားလည်မှု လွှဲမှားစေအောင် လေးပွင့်ဆိုင် သဘောတူညီချက်ကို ဖောက်ဖျက်ပြီး နိုင်ငံပိုင် မီဒီယာများတွင် လွှဲမှားစွာဖော်ပြခဲ့သည်ဟု ပညာရေး ဝန်ကြီးကို လိပ်မူပြီး ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) တို့က ဖေဖော်ဝါရီ ၂၂ ရက် ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့လိုက်သည်။

ဖေဖေဝါရီ ၁၄ ရက်က အစိုးရ၊ ကျောင်းသား၊ လွှတ်တော်နှင့် NNERတို့ လေးပွင့်ဆိုင် သဘောတူညီခဲ့သည့် “အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း” အား ဖေဖော်ဝါရီ ၁၈ ရက်ထုတ် အစိုးရပိုင်သတင်း စာများတွင် “ဒေါက်တာ သိန်းလွင်၊ ဒေါက်တာ ညိုညိုသင်းနှင့် ဦးအောင်မှိုင်းဆန်းတို့ ရေးဆွဲ လက်မှတ်ထိုးထားသည့် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်း” ဟု သုံးနှုန်းခဲ့မှုအပေါ် အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

NNER-Press-Conference-05

အိတ်ဖွင့်ပေးစာတွင် “ယခုကဲ့သို့ လွဲမှားစွာဖော်ပြခြင်းသည် ကျောင်းသား ပြည်သူ တစ်ရပ်လုံးကို နားလည်မှုလွဲမှားစေပြီး ညီညွတ်မှုပြိုကွဲအောင် လုပ်ဆောင်ရာ ရောက်ပါသည်” ဟု ရေးသားထားသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် NNER နှင့် ပညာရေး ဝန်ကြီးဌာနတို့က ၎င်းတို့ရေးဆွဲထားသည့်  “အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း” တစ်ခုစီကို သီးခြားစီ တင်ပြဆွေးနွေးခဲ့ကြကာ နောက်ဆုံးတွင် NNER ရေးဆွဲထားသည့် ဥပဒေမူကြမ်းကို လွှတ်တော်တင်ရန် လေးပွင့်ဆိုင် သဘောတူခဲ့ကြခြင်း ဖြစ်သည်။

သို့သော် လေးပွင့်ဆိုင်သဘောတူလိုက်သည့် အဆိုပါ မူကြမ်းကို “ဒေါက်တာ သိန်းလွင်၊ ဒေါက်တာ ညိုညိုသင်းနှင့် ဦးအောင်မှိုင်းဆန်းတို့ ရေးဆွဲလက်မှတ်ထိုး ထားသည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင် သည့်ဥပဒေမူကြမ်း” ဟု ဖေဖော်ဝါရီ ၁၈ ရက်ထုတ် အစိုးရပိုင် သတင်းစာများတွင် သုံးနှုန်းခဲ့သလို လေးပွင့် ဆိုင် ဆွေးနွေးပွဲတွင် ပယ်ဖျက်လိုက်သည့် ပညာရေး ဝန်ကြီးဌာနက ပြင်ဆင်ရေးဆွဲထားသော ဥပဒေမူကြမ်း ကိုလည်း ဖေဖော်ဝါရီ ၁၉ ရက်ထုတ် အစိုးရပိုင် သတင်းစာတွင် ထပ်မံဖော်ပြခဲ့သည်။

ထို့ကြောင့် အိတ်ဖွင့်ပေးစာတွင် “ပညာရေးဝန်ကြီးသည် မိမိဌာန၏ မူကြမ်းကို ရုတ်သိမ်းခဲ့ပြီး NNER၏ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်းကို လေးပွင့်ဆိုင်သဘောတူညီချက်အဖြစ် လွှတ်တော်သို့ တင်သွင်းရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့သော်လည်း ပညာရေးဝန်ကြီးဌာန၏ မူကြမ်းကို အစိုးရပိုင် မီဒီယာများ၌ ဖော်ပြလာသည်မှာ လေးပွင့်ဆိုင် သဘောတူညီချက်၏ ကတိကဝတ်ကို ချိုးဖောက်ရာ ရောက်ပါ သည်” ဟု ဖော်ပြထားသည်။

အဆိုပါ အိတ်ဖွင့်ပေးစာကို ပညာရေးဝန်ကြီးထံ လိပ်မူထားပြီး မိတ္တူကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ လေးပွင့်ဆိုင်ကိုယ်စားလှယ်များ၊ သံရုံးများ၊ နိုင်ငံတစ်ကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများထံ ပေးပို့ မည် ဖြစ်သည်။

လက်ရှိတွင် လွှတ်တော်တွင် အတည်ပြုခဲ့သည့် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ကန့်ကွက် သည့် ကျောင်းသားများ၏ သပိတ်စစ်ကြောင်းများကို ရပ်နားထားပြီး ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ၎င်းတို့တောင်းဆို သည့် အချက်များကို လွှတ်တော်တွင် ပယ်ချပါက သပိတ်စစ်ကြောင်းများ လမ်းပေါ်ပြန်ထွက်မည်ဟု သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်များက ဆိုသည်။

လွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသားပညာရေးဥပဒေသည် ဗဟိုချုပ်ကိုင်မှုစနစ်များနေခြင်း၊ ကျောင်းသား သမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့် မရှိခြင်း စသည့်အချက်များကြောင့် ပြင်ဆင်ပေးရန် ကျောင်းသားများက ကနဦးတွင် ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ရက်ပေါင်း ခြောက်ဆယ်အတွင်း လေးပွင့်ဆိုင် ဆွေးနွေးညှိနှိုင်းရန် တောင်းဆိုခဲ့သည်။

သို့သော် ကျောင်းသားတို့ တောင်းဆိုသည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို အစိုးရက လျစ်လျူရှုခဲ့ပြီး သပိတ်စစ်ကြောင်းများ အရှိန်မြှင့်လာမှသာ ဆွေးနွေးပွဲကို လက်ခံခဲ့သည်။

ယင်းဆွေးနွေးပွဲများ၏ ရလာဒ်အဖြစ် ကျောင်းသားတို့ တောင်းဆိုသည့် လက်ရှိကျင့်သုံးလျက်ရှိသည့် စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့် စနစ်များကို ပြင်ဆင်ရန်၊ ဒေသအလိုက်၊ ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန်၊ တိုင်းရင်းသား မျိုးနွယ်စုများ၏ ဘာသာစကား လွတ်လပ်ခွင့်နှင့် ဘာသာစကားအခြေပြု ဘာသာစကားသုံး ပညာရေးစနစ်ကို ထည့်သွင်းရန်၊ ကျောင်းသားများ လွတ်လပ်စွာတွေး ခေါ်စဉ်းစားနိုင်ပြီး ကိုယ်တိုင်လေ့လာစူးစမ်းသင်ယူနိုင်မည့် နစ်စနစ်များ ပြောင်းလဲရန် တို့ပါဝင်သည့် စုစုပေါင်း (၁၁)ချက်ကို အစိုးရဘက်က မူအားဖြင့် သဘောတူခဲ့သည်။

ထို့နောက် အထက်ပါအချက်များကို အခြေခံရေးဆွဲထားသည့် NNER ၏ ပြင်ဆင်သည့်ဥပဒေကြမ်း ကို ဖေဖော်ဝါရီ ၁၆ ရက်တွင် လွှတ်တော်တင်ရန် လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် သဘောတူလိုက်ခြင်း ဖြစ်သည်။

သို့သော် အဆိုပါမူကြမ်းကို လွှတ်တော်တွင် စတင်ဆွေးနွေးခြင်းမရှိသေးဘဲ အစိုးရပိုင် သတင်းစာများတွင် သာ ပြည်သူများ၏ အကြံပြုချက် တောင်းခံထားဆဲ ဖြစ်သည်