လောက်ကိုင်တွင် ဖြစ်နေသည့်တိုက်ပွဲများ ပြည်ပနိုင်ငံမှ ဝင်ရောက် စွက်ဖက်ပါက လက်မခံနိုင်ဟု UNFC ပြော

လောက်ကိုင်တွင် ဖြစ်နေသည့်တိုက်ပွဲများ ပြည်ပနိုင်ငံမှ ဝင်ရောက် စွက်ဖက်ပါက လက်မခံနိုင်ဟု UNFC ပြော
by -
မဇ္စျိမ

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ပြည်ပနိုင်ငံမှ ဝင်ရောက်စွက်ဖက်သည်ဟူသည့် စွပ်စွဲချက်များကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ငြင်းဆိုလိုက်ပြီး ထိုအခြေအနေမျိုး ပေါ်ပေါက်လာပါက လက်ခံမည်မဟုတ်ဟု UNFC တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုလိုက်သည်။

“နိုင်ငံခြားရဲ့ သြဇာခံမဖြစ်ဖို့ကတော့ UNFCကတော့ တာဝန်ရှိတာပေါ့။ ကိုယ့်အချင်းချင်း ဝိုင်းလုပ်တာ ပြဿနာ မရှိဘူး။ နိုင်ငံခြားကပါလာရင်တော့ UNFC လည်း လက်ခံမှာ မဟုတ်ဘူး” ဟု ခွန်ဥက္ကာက ပြောသည်။

U-Khon-Okkar

ကိုးကန့်ဒေသတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများတွင် တရုတ်ကြေးစားတပ်သားများ ပါဝင်နေသည်ဟု တပ်မတော် စစ်ဘက်ရေးရာ လုံခြံုရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ဖေဖေါ်ဝါရီ ၂၁ရက် နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

UNFC ကလည်း ပြည်ပမှ ဝင်ရောက်စွက်ဖက်နိုင်သည့် အခြေအနေများကို စုံစမ်း ထောက်လှမ်းနေသည်ဟု ခွန်ဥက္ကာက ဆိုလိုက်ပြီး တိုက်ပွဲများတွင် ပြည်ပနိုင်ငံတစ်ခုခုမှ ပါဝင်ပတ်သက်မှုရှိနေသည်ဟူသည့် ထင်မြင်ချက်များကိုမူ “ကျွန်တော်တို့ လေ့လာကြည့်သလောက် ကိုးကန့်မှာ တရုတ်က နိုင်ငံရေးအရရော၊ စစ်ရေးအရရော ပံ့ပိုးတာ မရှိပါဘူး” ဟု ပြောသည်။

ကိုးကန့်ဒေသ လောက်ကိုင်မြို့တိုက်ပွဲများတွင် တိုင်းရင်းသား လက်နက်ကိုင်အချို့တို့ ပူးပေါင်းပါဝင် တိုက်ခိုက်နေသည်ဟူသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ဘက်ရေးရာ လုံခြံုရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့၏ ပြောဆိုမှုများကိုမူ ခွန်ဥက္ကာက မငြင်းဆိုခဲ့ပေ။

“တပ်ပေါင်းစုဖြစ်တော့၊ နယ်မြေတွေထဲကို ခုခံကာကွယ်တဲ့ သဘောပါဘဲ။ နောက်ပြီးတော့ ကိုးကန့်ကလည်း ဆက်စပ်ဆွေးနွေးဖို့လည်း ဖိတ်ခေါ်ထားတယ်။ သတင်းတွေထဲမှာက AA (ရခိုင် တပ်မတော်) ရယ်၊ တအာင်းတပ်မတော် (ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်)ရယ် ပါတယ်။ တပ်ပေါင်းစုအနေနဲ့ ခုခံကာကွယ်နေပါတယ်ဆိုပြီးတော့ တအာင်းကလည်း တရားဝင် အကြောင်းကြားလာတယ်” ဟု ပြောသည်။

သို့သော်  ကချင်လွတ်လပ်ရေး တပ်မတော် (KIA)ကမူ ယင်းတို့နယ်မြေနှင့် အလှမ်းဝေးသဖြင့် ကိုးကန့်တိုက်ပွဲတွင် ပါဝင်ခြင်း မရှိကြောင်း တရားဝင် ပြောဆိုထားသဖြင့် ပါဝင်ခြင်း မရှိဟု ပြောသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ ဖေဖေါ်ဝါရီလ ၂၁ရက်နှင့် ၂၂ရက်များတွင် တိုက်ပွဲ ငါးကြိမ် ဖြစ်ပေါ်ခဲ့ကာ တပ်မတော်သား လေးဦး ကျဆုံးခဲ့ပြီး အရာရှိနှင့် စစ်သည် ၂၁ဦး ဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

Most read this week