မြောက်ဦးမြို့နယ်တွင် တညဉ့်တည်း ကျွဲ၊ နွား ၁၁ကောင် အခိုးခံရ

မြောက်ဦးမြို့နယ်တွင် တညဉ့်တည်း ကျွဲ၊ နွား ၁၁ကောင် အခိုးခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ဆင်ခံကျေးရွာတွင် ဒေသခံ ၄ဦး၏ ကျွဲနှင့် နွားကောင်ရေပေါင်း ၁၁ကောင်တိတိ အခိုးခံရမှု ဖေဖေါ်ဝါရီလ ၁၄ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကျွဲ ၅ ကောင်နဲ့ နွား ၆ ကောင် အဲဒီနေ့ညက တပြိုင်တည်းအခိုးခံခဲ့ရတာပါ”ဟု ဒေသခံ ဦးကျော်သိန်းက နိရဥ္စရာသို့ ပြောသည်။

DSCN4036

ပျောက်ဆုံးသွားသည့် ကျွဲနွားများအနက် ဦးထွန်းခိုင်ထံမှ ကျွဲ ၅ကောင်၊ ဦးသာထွန်းဦး ထံမှ နွား ၁ကောင်၊ ဒေါ်ခိုင်စောညွန့် ထံမှ နွား ၃ကောင်နှင့် ဦးသိန်းထွန်းထံမှ နွား ၂ကောင်တို့ပါဝင်ကြောင်း ဒေသခံ များက ဆိုသည်။

အဆိုပါပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားထားသော်လည်း ဖေဖော်ဝါရီလ ၂ဝ ရက်နေ့အထိ မည်သည့်သတင်း အချက်အလက်မျှ မရရှိသေးကြောင်း ရွာသားများက ပြောသည်။

“ခိုးသွားတဲ့သူတွေကိုလည်း ဖမ်းမမိသေးဘူး။ ရဲတွေက ပျောက်သွားတဲ့ကျွဲ၊ နွားတွေကို အပူတပြင်း လိုက်ရှာနေ ပေမယ့်လည်း ပြန်ရဖို့တော့ မလွယ်တော့ဘူး” ဟု ဒေသခံ ဦးကျော်သိန်းက ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်သောင်းကို နိရဥ္စရာက ဆက်သွယ်မေးမြန်း ရာ သူက “ဒီအမှုကို စုံစမ်းဖော် ထုတ်နေဆဲပါ။ သံသယရှိသူ နှစ်ယောက်ကို ခေါ်ယူစစ်ဆေးပေမယ့် အမှုက မပေါ်သေးဘူးဗျ” ဟု ဖေဖော်ဝါရီလ ၂ဝ ရက်နေ့၊ နံနက်ပိုင်းက ပြောသည်။

မြောက်ဦးမြို့နယ်တွင် လွန်ခဲ့သောနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့ကလည်း တင်းထိန်ရံကျေးရွာတွင် ကျွဲ ငါးကောင်၊ ဒီဇင်ဘာလ ၂ရက်နေ့က နတ်ချောင်းကျေးရွာမှ ကျွဲကိုးကောင် အခိုးခံခဲ့ရသော် လည်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှ တစ်စုံတစ်ရာ ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသဖြင့် ကျွဲနွားခိုးသူများ ပိုမိုအတင့်ရဲလာကာ  ကျေးရွာများမှ ကျွဲနွားများကို ခိုးယူပြီး တစ်ဖက်နိုင်ငံကို စက်လှေများဖြင့် ရေလမ်းကြောင်းကို အသုံးပြုကာ တင်ပို့လျက်ရှိနေကြောင်း သတင်း ရရှိသည်။

Most read this week