ပိုက်လိုင်းကြောင့် ပျက်စီးလယ်မြေ နစ်နာကြေးမရ၍ လယ်သမားများ ကျောက်ဖြူထွေအုပ်ရုံးကို သွားရောက်တောင်းဆို

ပိုက်လိုင်းကြောင့် ပျက်စီးလယ်မြေ နစ်နာကြေးမရ၍ လယ်သမားများ ကျောက်ဖြူထွေအုပ်ရုံးကို သွားရောက်တောင်းဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အား ဖြတ်သန်းတည်ဆောက်ထားသော ဂတ်စ်ပိုက်လိုင်းတစ်လျှောက် ရွံ့ဖုံးခံရ၍ ပျက်စီးသွားသော လယ်ယာမြေများအတွက် နှစ်ကုန်သွားသော်လည်း နစ်နာကြေးမရသေးသဖြင့် လယ်ပိုင်ရှင်များက ဖေဖော်ဝါရီ၁၉ရက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက် တောင်းဆိုခဲ့ကြသည်။

လယ်သမားတစ်ဦးဖြစ်သူ ဦးစံရွှေက “အခုလိုမျိုးသွားရောက်ပြီး ဒီလယ်မြေတွေအတွက် လျော်ကြေးပေး ဖို့ တောင်းဆိုတာ ၃ကြိမ်ရှိပြီ။ ဘယ်နေ့ ပေးမလဲဆိုတာကို သိချင်ပါတယ်။ မပေးရင်တော့ ဆန္ဒဖော်ထုတ်သွားရမယ်” ဟု ပြောသည်။

IMG 20150219 132035

ဂတ်စ်ပိုက်လိုင်း ၀ဲယာတစ်လျှောက်ရှိ လယ်ယာမြေများ ရွံ့ဖုံးခံရသည့်အတွက် စိုက်ခင်းများ ပျက်စီးသွားသဖြင့် နစ်နာကြေးရလို၍ ရွာ ၁၂ရွာမှ လူပေါင်း ၅၀ခန့် သွားရောက်တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

လွန်ခဲ့သော ၂၀၁၂နှင့် ၂၀၁၃နှစ်များတွင်  ဂတ်စ်ပိုက်လိုင်းတစ်လျှောက် ရွံ့ဖုံးခဲ့သော လယ်ယာမြေများအတွက် တရုတ် ကုမ္ပဏီက တစ်တင်းကို ၅၅၀၀ကျပ်နှုန်းဖြင့် တစ်ဧကလျှင် စပါးတင်း ရ၀ နူန်းဖြင့် နစ်နာကြေး ပေးခဲ့ကြောင်း သို့သော် ယခုနှစ် စိုက်ပျိုးရာသီ ၂၀၁၄ခုနှစ်သာ ကုန်သွားသော်လည်း နစ်နာကြေးမပေးသေး၍ လာရောက်တောင်းဆိုရခြင်း ဖြစ်ကြောင်း လယ်သမားများက ပြောဆိုသည်။

လယ်သမားများ၏ တောင်းဆိုမှုအပေါ် ဆောင်ရွက်နေမှုများကို ဒုတိယ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးက “မြို့နယ်အဆင့် ခရိုင်အဆင့်ကို တက်နိုင်သလောက် သူတို့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး တင်ပေးထားတယ်။ ကျနော်တို့ စာရင်းတွေ ပို့ထားပြီးပြီ။ စိစစ်နေတုန်းပါ။ ကျနော်တို့က ၀န်ထမ်းဖြစ်တဲ့အတွက် ဘာမှ comment (မှတ်ချက်) သွားပေးလို့မရဘူး” ဟု ပြောကြားသည်။

စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးကလည်း  “လျော်ဖို့ လုပ်နေပါတယ်။ ရဖို့ဆိုတာ ယုံကြည်ထားပါ” ဟု လယ်သမားများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

သွားရောက်တောင်းဆိုသူ လယ်သမားများအား ဒုတိယ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ (MOGE) တာဝန်ရှိသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် လက်ခံတွေ့ဆုံပြီး ဆွေးနွေးမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု ဦးစံရွှေက ပြောသည်။

ပျားတဲကျေးရွာမှ လယ်သမားဦးဝေဒေါင်းက “ကုမ္ပဏီနဲ့ အစိုးရကြားမှာ ကျနော်တို့ လယ်သမားတွေ မြေဇာပင် ဖြစ်နေရတယ်။ အစိုးရတာဝန်ရှိသူတွေက ကိုယ့်လူထု နစ်နာနေတာအတွက် ဘာမှ အရေးယူ၊ ဆောင်ရွက်မပေးဘူးဆိုရင်  ဘယ်လိုလုပ်ပြီး ယုံကြည်လို့ ရနိုင်မှာလဲ။ တာဝန်ရှိသူတွေက နစ်နာကြေး ပေးဖို့အတွက်  မတိုက်တွန်းနိုင်ရင် ကျနော်တို့ ကုမ္ပဏီနဲ့ တိုက်ရိုက်တွေ့ချင်ပါတယ်” ဟု ပြောသည်။

နစ်နာကြေးရရှိရန် သွားရောက်တောင်းဆိုခဲ့သော လယ်သမားများမှာ မလကျွန်း၊ ပြိုင်းစေ့ကေ၊ ကန္ဒီး၊ ပျားတဲ၊ သပြုတောင်၊ သဖန်းခါး၊ ကြတ္တိန်၊ ဦးကင်း၊ စည်မော်၊ ကြံချိုင်၊ ထောင့်ချောင်း၊ ကုလာဘာတောင် စသည့်ကျေးရွာများမှ ဖြစ်ကြသည်။  မြို့ပေါ်သို့လာရောက်၍ ယခုတောင်းဆိုမှုသည် သုံးကြိမ်မြောက်ဖြစ်သည်။

Most read this week