သိမ်းဆည်းလယ်မြေများကို မူလပိုင်ရှင်က ထွန်တုံးတိုက်ပွဲဖြင့် ပြန်သိမ်းယူ

သိမ်းဆည်းလယ်မြေများကို မူလပိုင်ရှင်က ထွန်တုံးတိုက်ပွဲဖြင့် ပြန်သိမ်းယူ
by -
မဇ္စျိမ

မတ္တရာမြို့နယ်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိမ်းဆည်းထားသော ကွင်းအမှတ် (၁၄၅၊၁၄၈၊၁၄၉)တို့မှ လယ်ယာမြေဧက ၆ဝဝကျော်တို့ကို မူလပိုင်ရှင်တောင်သူများက ဖေဖော်ဝါရီ ၂ဝရက်၊ နံနက် ၉နာရီမှ စတင်၍ ထွန်တုံးတိုက်ပွဲဝင်ကာ ပြန်လည်သိမ်းယူလိုက်သည်။

အဆိုပါ လယ်ယာမြေများကို ၁၉၈၈ခုနှစ်မှစတင်၍ လျော်ကြေးမပေးဘဲ သိမ်းဆည်းခဲ့ခြင်းကြောင့် မူလပိုင်ရှင်ဒေသခံ တောင်သူ ၂ဝဝကျော်တို့မှာ အလုပ်လက်မဲ့များဖြစ်ခဲ့ရပြီး ပညာရေးလည်း ဆုံးရှုံးခဲ့ရသည်ဟု ကျောက်စရစ်ကျေးရွာမှ ဦးဆောင်သူ ဦးမြင့်တင်က ဆိုသည်။

''ကြံုသလိုဖြစ်သလို လုပ်ကိုင်စားနေရတာ ဒီနေ့အချိန်ထိ လုံးဝမခံနိုင်တော့လို့ အခုလို ထွန်းတုံးတိုက်ပွဲဝင်ပြီး ပြန်ယူတာပဲ။ ရေရတာနဲ့ချက်ခြင်း စိုက်ပျိုးသွားမယ်'' ဟု ၎င်းက ပြောသည်။ ထွန်တုံးတိုက်ပွဲကို လယ်သိမ်းခံခဲ့ရသော တောင်သူ ၁ဝဝဦးကျော်တို့မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တောင်သူအများစုမှာ နွားများမရှိသောကြောင့်အချို့မှာ လူအားဖြင့် ရှင်းလင်းထွန်ယက်မည်ဟု တောင်သူများက ဆိုသည်။

တောင်သူ ဦးတင်သိန်းက ''ကျွန်တော်တို့မှာ လုပ်စရာမြေမရှိတော့ နွားကလည်း မရှိတော့ဘူး။ အခုမြေပြန်ရဖို့ လုပ်မယ်ဆိုတော့ နွားမရှိဘူး။ အခုရှိတဲ့ နွားက အနီးရွာတွေကလာကူတာပါ'' ဟု ပြောသည်။

ထွန်းတုံးတိုက်ပွဲဝင်သော တောင်သူအများအစုက အဆိုပါမြေထဲတွင် ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးရန် ဆောင် ရွက်နေပြီ ဖြစ်သည်။

မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူးက  ''ကျွန်တော်က ဥပဒေအတိုင်းဆောင်ရွက်ဖို့ လာတားတာပါ။ အခုဟာက ပိုင်ရှင်ရှိတဲ့ မြေထဲအုပ်စုနဲ့ဝင်ပြီး ထွန်ယက်တာ ဥပဒေနဲ့ မညီဘူး။ ဆက်လုပ်နေရင်တော့ ဥပဒေ အတိုင်းပဲ ဆောင်ရွက်သွားမယ်'' ဟု ပြောသည်။

ထွန်တုံးတိုက်ပွဲဝင်သည့်နေရာသို့ မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးတို့မှ မဝင်ရောက်ရန်နှင့် ဝင်ရောက်လုပ်ကိုင်မည်ဆိုပါက ဥပဒေအရ အရေးယူသွားမည်ဟု လာရောက်တားမြစ်သော်လည်း တောင် သူများသည် ဆက်လက်လုပ်ကိုင်ခဲ့ပြီး အရေးယူပါကလည်း ရင်ဆိုင်သွားမည်ဟု ဒေသခံတောင်သူများက ဆိုသည်။

ဦးမြင့်တင်က ''ဒီကနေမပြန်ဘူး။ တဲတွေ ထိုးပြီးစောင့်ဖို့ ကျွန်တော်တို့ စီစဉ်ထားတယ်။ သူတို့က ဥပဒေအရ တားတယ်။ ကျွန်တော်တို့မှာ ဥပဒေအတိုင်း လုပ်ခွင့်မရှိဘူး။ ကျွန်တော်တို့ ကြောက်နေရင် ဒီမြေက ပြန်ရမှာ မဟုတ်တော့ဘူး။ ဒါကြောင့် တိုက်ယူတယ်'' ဟု ပြောသည်။

အဆိုပါတောင်သူများကို ဖေဖော်ဝါရီ ၁၄ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ယူ၍ ဆွေးနွေးရှင်းလင်းခဲ့ပြီး ဥပဒေအတိုင်း တောင်းယူကြရန် ခေါ်ပြောထားသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

မြို့နယ် ရဲတပ်ဖွဲ့မှူးကလည်း ''ကျွန်တော်တို့ ရန်ဖြစ်ဖို့လာတာမဟုတ်ဘူး။ ရှင်းပြဖို့လာတာပါ။ ဒါကိုလက်မခံဘူးဆိုရင်တော့ ဥပဒေအတိုင်း ဆက်လုပ်ရမှာပေါ့'' ဟု မဇ္ဈိမကို ပြောသည်။

ထိုသို့တွေ့ဆုံခေါ်ယူ ပြောကြားရခြင်းမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အဆိုပါ လယ်ယာမြေများကို မစွန့်လွှတ်နိုင်ကြောင်း ဖေဖော်ဝါရီ ၁ဝရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ် ကို ညွှန်ကြားစာ ရောက်လာခြင်းကြောင့် ခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

''မစွန့်လွှတ်ဘူးဆိုတဲ့မြေကို ကျွန်တော်တို့အနေနဲ့ ဆုံးဖြတ်ခွင့်မရှိပါဘူး။ ဒါကြောင့် မလုပ်ဖို့ လာတားတယ်။ ဒါကိုလက်မခံဘူး။ သူတို့အနေနဲ့ဘောင်ထဲက စာတင်ပြီးတော့ တောင်းနိုင်တယ်'' ဟု မြို့နယ်အုပ်ချုပ်ရေးမှူး က ပြောသည်။

Most read this week