ကြိုတင်ဆန္ဒမဲ ကောက်ယူမှုတွင် ကော်မရှင်က မှတ်ပုံတင် ခွင့်ပြုသည့် အရပ်ဘက်အဖွဲ့များ စောင့်ကြည့်နိုင်မည်

ကြိုတင်ဆန္ဒမဲ ကောက်ယူမှုတွင် ကော်မရှင်က မှတ်ပုံတင် ခွင့်ပြုသည့် အရပ်ဘက်အဖွဲ့များ စောင့်ကြည့်နိုင်မည်
by -
မဇ္စျိမ

 ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုထားသည့် အရပ်ဘက်အဖွဲ့များကို ကြိုတင်ဆန္ဒမဲကောက်ယူရာ၌ လေ့လာစောင့်ကြည့်ခွင့်ရှိကြောင်း ရွေးကောက်ပွဲ စောင့်ကြည်လေ့လာရာတွင် ပြည်တွင်း စောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (မူကြမ်း)တွင် ပါရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးသောင်းလှိုင်က ''ဒီဟာကို ကျွန်တော်တို့ မူအားဖြင့် အားလုံး သဘောတူပြီးသွားပါပြီ။ စာအရေးအသား အချောသတ်ဖို့ပဲ လိုပါတော့တယ်'' ဟု ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းတို့ ပူးပေါင်း သဘောတူညီထားသည့် ရွေးကောက်ပွဲ စောင့်ကြည်လေ့လာရာတွင် ပြည်တွင်း စောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (မူကြမ်း) အခန်း ၁၄ ပုဒ်မ ၄၃(စျ) တွင် ပါရှိခြင်း ဖြစ်သည်။

အရပ်ဖက်အဖွဲ့များသည် ရွေးကောက်ပွဲအတွက် စတင်ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများမှ စတင်ကာ၊ ရွေးကောက်ပွဲရလဒ်ကြေညာခြင်းနှင့် ကိုယ်စားလှယ် အမည်ကြေညာခြင်းအဆင့်ထိ အဆင့်ပေါင်း ၁၃ဆင့် လုံးကို စောင့်ကြည့်လေ့လာနိုင်သည်။

ယင်းဖြစ်စဉ်ကို စောင့်ကြည့်လေ့လာရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်က မှတ်ပုံတင်ခွင့် အသိမှတ်ပြုခွင့်ပြုထားသည့် အဖွဲ့များသာ လေ့လာနိုင်သည်။ ယင်းအတွက် လေ့လာစောင့်ကြည့်လိုသည့် အဖွဲ့များက ရွေးကောက်ပွဲရက်ကြေညာပြီးမှ ရွေးကောက်ပွဲ မကျင်းပမီ ၁၅ရက်ထိ လျှောက်ထားခွင့်ရှိသည်။

အရပ်ဖက်အဖွဲ့များက စောင့်ကြည့်လေ့လာလိုသည့် မြို့နယ်တစ်မြို့နယ်ထက်ကျော် ပါကခရိုင်သို့ တိုက်ရိုက် လျှောက်ထားနိုင်ပြီး တိုင်းတစ်တိုင်းထက်ကျော်ပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုက် ရိုက်လျှောက်ထားနိုင်သည်ဟု ဦးသောင်းလှိုင်က ပြောသည်။

လေ့လာစောင့်ကြည့်ခွင့် ရရှိသူများသည် မိမိတို့လေ့လာစောင့်ကြည့်ခဲ့သည့် ဖြစ်စဉ်များကို သက်ဆိုင်ရာ အဖွဲ့ခွဲအဆင့်ဆင့်သို့ အသေးစိတ်အစီရင်ခံစာ ရေးသားတင်သွင်းရမည်။ ရေးသားတင်သွင်းခြင်း မရှိပါက နောက်ပိုင်းကျင်းပမည့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့်များ ရရှိတော့မည်မဟုတ်ကြောင်း GPI (Green Peasant Institute) မှ အမှုဆောင်အရာရှိချုပ် ဦးတင်လင်းအောင်က မဇ္ဈိမကို ပြောသည်။

''ကျွန်တော်တို့ ဧရာဝတီက ၂၆မြို့နယ်လုံး စောင့်ကြည့်မယ် တစ်ခြားတိုင်းတွေမှာလည်း လုပ်ဖို့ကို တစ်ခြားအဖွဲ့တွေနဲ့ ဆွေးနွေးနေတုန်းပဲ အဆင့်တိုင်းကို စောင့်ကြည်မှာပါ အဓိကတော့ ၂ဝ၁ဝမှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ လူသေတွေပြန်ပါတာ။ ကြိုတင်မဲကိစ္စတွေလည်း ပါတယ်'' ဟု ၎င်းက ဆိုသည်။

အရပ်ဖက်အဖွဲ့အစည်းများ ရေးသားတင်ပြသည့် အစီရင်ခံစာပေါ်တွင် သုံးသပ်ကာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များအပေါ် အရပ်ဖက်အဖွဲ့များက မတိုင်တန်းနိုင်ဘဲ အတိုက်အခံ ကိုယ်စားလှယ်များကသာ တိုင်တန်းနိုင်သည်ဟု ပြောသည်။

လက်ရှိအချိန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်း ၆ဝကျော်ဖြင့် ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲတွင် အရပ်ဘက်အဖွဲ့များ ပါဝင်နိုင်ရန် ဆွေးနွေးဆောင်ရွက်နေသည်။